သမ္မတ၊ ပြည်သူနှင့် အမျိုးသား လွှတ်တော်တို့က အဆိုပြုသူများပါသည့် စာနယ်ဇင်းကောင်စီ ၃လ အတွင်း အပြီး ဖွဲ့မည်

သမ္မတ၊ ပြည်သူနှင့် အမျိုးသား လွှတ်တော်တို့က အဆိုပြုသူများပါသည့် စာနယ်ဇင်းကောင်စီ ၃လ အတွင်း အပြီး ဖွဲ့မည်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်များ နှင့် သမ္မတ အပါအဝင် အစိုးရအဖွဲ့ ဝင်ကြီးအချို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-MNA)

ရန်ကုန် ဇွန် ၁၉ ။   ။ သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အဆိုပြုသူ တစ်ဦးစီ ပါဝင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ၃လအတွင်း အပြီးသတ်ဖွဲ့စည်းရန် ပြင်ဆင်ထားသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) မှသိရသည်။

"သူတို့ ၃ယောက်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေ ယူရင်တော့ လွှမ်းမိုးမှုရှိမယ် ဆိုတဲ့ သဘောဆိုနိုင်တာပေါ့။ စိုးရိမ်စရာရှိတယ်ပေါ့။ ဒါပေမယ့် အခုဟာက ၂၂ယောက်ကနေ ၂၇ဦး ထိဖွဲ့မယ်ဆိုရင် အဲဒီထဲကမှ ၃ယောက်ဆိုတာကတော့ လွှမ်းမိုးဖို့ မလွယ်ပါဘူး" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က မဇ္ဈိမကိုပြောသည်။

၂၀၁၄ခုနှစ် မတ်လ ၁၄ရက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းပြီး တစ်နှစ်ကျော်အကြာတွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာ နည်းဥပဒေကို ဇွန်လ ၁၇ရက်တွင် ထုတ်ပြန်ပြဌာန်းခဲ့ခြင်းသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် သတင်းမီဒီယာဥပဒေနှင့် ပြန်ကြားရေး ဝန်ကြီးဌာနက ပြဌာန်းလိုက်သည့် နည်းဥပဒေအရ စာနယ်ဇင်းကောင်စီတွင် သမ္မတ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့က အဆိုပြုမည့် ကောင်စီဝင်များကို ထည့်သွင်းထားခြင်းလည်းသည်။

"သူတို့အဆိုပြုမှာဆိုတဲ့အတွက် တန်းခန့်တာမဟုတ်လို့ အဲဒီလူကို ပြန်ပြီး ကွန်ပလိန်းလုပ်လို့ရတယ်ပေါ့။ သူ့အစား နောက်တစ်ယောက်ကို ပြန်အစားထိုးဖို့ တောင်းဆိုလို့ရတယ်လို့ နည်းဥပဒေပါ အဆိုပြုတယ်ဆိုတဲ့ စာသားကို နားလည်တယ်" ဟု ဦးမြင့်ကျော်က ပြောသည်။

စာနယ်ဇင်းကောင်စီဝင်များကို ရွေးချယ်ရန် ဝန်ကြီးဌာနနှင့် လက်ရှိ မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) တို့က ညှိနှိုင်းပြီး ကောင်စီဝင် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ကောင်စီဝင်များကို ရွေးချယ်ရမည်ဖြစ်သည်။

ယင်းကောင်စီ ရွေးချယ်ရေးအဖွဲ့တွင် ကောင်စီဝင်အဖြစ် ရွေးချယ်မခံမည့် လက်ရှိ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ ၃ဦး (ပထမအကြိမ်အတွက် ချွင်းချက်)၊ ရွေးချယ်မခံမည် ဥပဒေပညာရှင် ၂ဦး၊ ရွေးချယ်မခံမည် သတင်း မီဒီယာနှင့် သက်ဆိုင်သည့် တတ်သိပညာရှင် ၃ဦး နှင့် ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်အဆင့်ထက် မနိမ့်သူ ၁ဦးတို့ဖြင့် ဖွဲ့စည်းပြီး ၎င်းတို့ထဲမှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ကို အများဆန္ဒဖြင့် ရွေးချယ်ကာ ဖွဲ့စည်းရမည်ဟု နည်းဥပဒေ ကဆိုထားသည်။

ယင်းရွေးချယ်ရေးကော်မတီက သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများအရ ကောင်စီဝင်များကို သမ္မတ၊ ပြည်သူနှင့် အမျိုးသားလွှတ်တော်တို့မှ အဆိုပြုသူများ အပါအဝင် အနည်းဆုံး ၁၅ဦးမှ အများဆုံး ၃၀ဦးထိ ဖွဲ့စည်းခွင့်ပြုထားသည့် သတင်းမီဒီယာ သမားများ၊ ဖြန့်ချိ၊ ပုံနှိပ်၊ ကားတွန်း၊ ရုပ်ပြ၊ စားရေးဆရာ တို့မှ ကိုယ်စားလှယ် ၁၀ဦးမှ ၂၂ဦး၊ လူမှုစီးပွား၊ စာပေယဉ်ကျေးမှု၊ သိပ္ပံ နည်းပညာ အသိပညာအတက်ပညာရှင်တို့မှ ကိုယ်စားလှယ် ၂ဦးမှ ၅ဦး၊ တို့ဖြင့် ကောင်စီကို ဖွဲ့စည်းရမည်ဟု နည်းဥပတွေင် ပါရှိသည်။

ယင်းတို့ထဲမှ ဥက္ကဋ္ဌ ၁ဦး၊ ဒုဥက္ကဋ္ဌ ၂ဦး၊ အတွင်းရေးမှူး ၁ဦး၊ တွဲဖက်အတွင်းရေးမှုး ၂ဦး၊ ဘဏ္ဍာရေးမှူး ၁ဦးနှင့် စာရင်းစစ် ၁ဦးတို့ကို အများဆန္ဒသဘောထားများအရ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး ကောင်စီ၏ သက်တမ်းသည် ၃နှစ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly