မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်
မြန်မာဘက်မှ ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ် တပ်ကြပ် ရာဇတ်။ (ဓာတ်ပုံ - MOI)

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို ထိန်းသိမ်းထား

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို မြန်မာဘက်က ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မြန်မာသံအမတ်ကြီးကို ဇွန် ၁၈ က ဆင့်ခေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစောင့်တပ်ဖွဲ့ဝင် ချက်ခြင်းပြန်လွှတ်ပေးရန် မြန်မာအစိုးရအား ပြောကြားရန် သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို တောင်းဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအရာရှိ တစ်ဦးက ပြောကြားကြောင်း ဇွန် ၁၉ ရိုက်တာ သတင်းတပုဒ်က ဖော်ပြသည်။

နှစ်နိုင်ငံကိုခြားထားသော နတ်မြစ်တွင် မူးယစ်ဆေးဝါး မှောင်ခိုများနောက်ကို လိုက်လံရင်း နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်ရာမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရပြီး နောက်တစ်ဦးမှာ ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

မြန်မာစစ်တပ်ပိုင် မြဝတီသတင်းတပုဒ်ကမူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရေတွင်း ကျွန်းချောင်းရွာအနီး ကင်းစခန်းမှ
မြန်မာနယ်တပ်ဖွဲ့ဝင်များ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုတလျှောက် ကင်းလှည့်နေစဉ် နတ်မြစ်၏ မြန်မာရေနယ်နိမိတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ယူနီဖောင်းဝတ် ၁ ဦးနှင့် အရပ်ဝတ် ၂ ဦးပါ လှေဝင်ရောက်လာသဖြင့် မေးမြန်းစစ်ဆေးရာမှ လှေပေါ်မှ စတင်ပစ်ခတ်သည်ဟု ဖော်ပြထားသည်။

အပြန်အလှန်ပစ်ခတ်ရာမှ ဘင်္ဂလားဒေ့ရှ်ယူနီဖောင်းဝတ်ထားသူအား အမ်-၂၂ သေနတ် တစ်လက်၊ ၎င်းကျည်များနှင့်အတူ ဖမ်းမိခဲ့ပြီး ကျန် ၂ ဦးလွတ်မြောက်သွားကြောင်း မြဝတီသတင်းအရသိရသည်။

ဖမ်းမိထားသူမှာ တပ်ကြပ် ရာဇတ်ဖြစ်ပြီး ၂၀၁၅ ခုအတွင်း မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းလျှက်ရှိသော ဒေသခံများထံမှ ငါးဖမ်းပိုက်၊ ငါး၊ လောင်းလှေများကို ခြိမ်းခြောက်ယူဆောင်မှုများတွင် ပါဝင်သည်ဟု မျက်မြင်သက်သေအရ ဖော်ထုတ်ရရှိသည်ဟု ဆက်လက်ရေးသားထားသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ် တပ်ကြပ် ရာဇတ်အား ငါးခူရကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၌ ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

REF : Reuters, Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly