အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် သီတင်းပတ်တွင် ဆွေးနွေးမည်

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် သီတင်းပတ်တွင် ဆွေးနွေးမည်

(နေပြည်တော်)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ အဓိက ကျသည့် ပုဒ်မ ၄၃၆ (က) ကို ဇွန်လ ၂၃၊ ၂၄ နှင့် ၂၅ ရက်များတွင် ပြည်ထောင်စုလွှတ်တော်၌ ပြည်ခိုင်ဖြိုးအမတ် ၃၃ ဦး၊ NLD အမတ် ၂၆ ဦး အပါအဝင် လွှတ်တော်အမတ် ၇၅ ဦးတို့က ဆွေးနွေးကြမည်ဟု လွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

“ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က)အတွက် ဆွေးနွေးဖို့ ကိုယ်စားလှယ် ၇၅ ဦး စာရင်းပေးသွင်း ထားပါတယ်။ ပါတီအလိုက် ပြည်ခိုင်ဖြိုးပါတီက ၃၃ ဦး၊ ဒီချုပ်က ၂၆ ဦး၊ တပ်မတော်သားအမတ် သုံးဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နှစ်ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက သုံးဦး နဲ့ ကျန်တဲ့ အဖွဲ့တွေက ဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်းကို ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ယူခြင်းများကို ဇွန် ၂၃၊ ၂၄၊ ၂၅ မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကျန်တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ တအာင်းပလောင် အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ဖလုံ-စဖော်ဒီ မိုကရက်တစ်ပါတီတို့က တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်တစ်ဦး ပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။

ပုဒ်မ ၄၃၆ (က) အား ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၃ ဦး အမည်စာရင်း စာရင်းပေးသွင်းထားသော်လည်း လူဦးရေ လျှော့ချကာ ၁၁ ဦး ကိုသာ ဆွေးနွေးစေမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဆွေးနွေးရန် ၂၆ ဦး အမည် စာရင်း ပေးသွင်းထားခြင်းကို အလားတူ လူဦးရေလျှော့လိုက လျှော့ချနိုင်ကြောင်း ၊ တပ်မတော်သား ကိုယ်စားလှယ် ဦးရေနှင့် ကျန်ပါတီများဧ။် ကိုယ်စားလှယ် ဦးရေတို့ကိုမူ အမည်စာရင်း ပေးသွင်းထား သည့်အတိုင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးသည့်အခါ ဆွေးနွေးချိန် ၁၀ မိနစ်သာ သတ်မှတ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ဆက်လက်ပြောကြားသည်။

အဆိုပါ ပုဒ်မ ၄၃၆ (က)၏ မူလပြဋ္ဌာန်းချက်မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ရှိ ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉ မှ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟူ၍ ဖြစ်သည်။

ယခု ပြင်ဆင်ချက် ဥပဒေမူကြမ်းတွင် မူလပါရှိသည့် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က” ဟူသော စာသားတွင် “ပြည်ထောင်စုလွှတ်တော် တက်ရောက်ခွင့်ရ ကိုယ်စားလှယ် အားလုံး၏ ၇၀ ရာခိုင်နှုန်းထက် မနည်းသော အရေအတွက်က” ဟု ပြင်ဆင်ထားသည်။

လာမည့် သီတင်းပတ် ဆွေးနွေးမှုများတွင် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တင်သွင်းသည့် ပြင်ဆင်ချက် ၇၀ ရာခိုင်နှုန်းအစား ၆၅ ရာနှုန်း၊ ၆၈ ရာနှုန်းတို့ဖြစ်သင့်ကြောင်းများ ပါဝင်နိုင်သော် လည်း နောက်ဆုံး၌ ၇၀ ရာခိုင်နှုန်းဟု ပြင်ဆင်ထားခြင်းအပေါ် သဘောတူ မတူကိုသာ မဲခွဲကြရ လိမ့်မည်ဟု ကိုယ်စားလှယ်အများစုက ယူဆထားကြသည်။

သို့ရာတွင် တပ်မတော်သား ကိုယ်စားလှယ် သုံးဦးတို့ဆွေးနွေးသည့်အခါ မူလပြဋ္ဌာန်း ထားသည့် ၇၅ ရာခိုင်နှုန်းအတိုင်း ဆက်လက်ထားရှိရန်ကိုသာ အကြောက်အကန် ပြောဆိုကြမည်မှာ သေချာလှကြောင်း ကန်ပက်လက်မြို့နယ်အမတ် သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။     ပြည်ထောင်စုလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရထားပြီး ၄၃၆ (က)ပြင်ဆင်ရန် ထောက်ခံမဲ တစ်မဲပင် ပေးလိမ့်မည် မဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ်များကြောင့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရန် ခက်ခဲနိုင်သည်ဟုလည်း ကိုယ်စားလှယ်တို့က သုံးသပ်ပြော ကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly