ဧရာဝတီမြစ်အတွင်း ပြေးဆွဲသော ရေယာဉ်များအတွက် အသက်ကယ်ဆယ်မှု ပြုလုပ်နိုင်ရန် လက်တွေ့ လေ့ကျင့်

ဧရာဝတီမြစ်အတွင်း ပြေးဆွဲသော ရေယာဉ်များအတွက် အသက်ကယ်ဆယ်မှု ပြုလုပ်နိုင်ရန် လက်တွေ့ လေ့ကျင့်

မန္တလေး၊ ဇွန် ၉ ။        ။ ဧရာဝတီမြစ်အတွင်းတွင် ပြေးဆွဲလျက်ရှိသော ရေယာဉ်များ နစ်မြုပ်၊ မီးလောင်မှုများနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အသက်ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း အရန်တပ် ဖွဲ့ဝင်များ၏ လက်တွေ့လေ့ကျင့်မှုများကို ဇွန် ၉ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်တို့မှ စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၁ ဦး နှင့် သီးသန့်တပ်ဖွဲ့ဝင် ၈ ဦးတို့သည် ဧရာဝတီမြစ်အတွင်းတွင် လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးစန်းလှိုင်က “ ဒီမြစ်ထဲသဘာဝ ဘေးကြောင့်ပဲ ဖြစ်ဖြစ်၊ တခြားပယောဂတွေကြောင့် ဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ် သင်္ဘောစီး ခရီးသည် ပြည်သူတွေရဲ့ အသက်ကို ကယ်ဆယ်ပေးနိုင်ဖို့ပဲ။ ဒါကြောင့် လက်တွေ့လေ့ကျင့် နေကြတာပါ။ ဖြစ်တာ သိတာနဲ့ အချိန်နဲ့ တပြေးညီ ကယ်ဆယ်ပေးနိုင်အောင် လုပ်ဆောင်နေ တယ်” ဟု ပြောသည်။

အဆိုပါ လက်တွေ့လေ့ကျင့်နေသူများသည် ရေကူးကျွမ်းကျင်ရမည် ဖြစ်ပြီး ရှေးဦးသူနာပြုလည်း ကျွမ်းကျင်ရမည် ဖြစ်သည်။ လေ့ ကျင့်နေသူများသည် ဖိုက်ဘာလှေ ၆ စီး၊ အသက်ကယ် ဘောကွင်း များဖြင့် လေ့ကျင့်နေပြီး ရေသန့်ဘူးများ၊ ပေပါများဖြင့်လည်း အရေးပေါ် အသက်ကယ်နိုင်စေရန် လေ့ကျင့်နေခြင်း ဖြစ်သည်။

ဒုတပ်ရင်းမှူး ဦးစန်းလှိုင်က “ တစ်ခုခုဖြစ်နေချိန် ကျွန်တော်တို့ မရောက်ခင် ဘာတွေ ဆောင်ရွက်သင့် တယ်ဆိုတာ ရေယာဉ် ဝန်ထမ်းတွေနဲ့ ပိုင်ရှင်တွေကို ပညာပေးမှုတွေ လုပ်မယ်။ ကျွန်တော်တို့ မရောက်ခင် ရေယာဉ်ပေါ်မှာပါတဲ့ ရေသန့်ဘူးတို့ ပေပါတို့ အခြားပစ္စည်းတို့နဲ့ ဘယ်လို ပြုမူကယ်ဆယ်လို့ရတယ်ဆိုတာ ပြောပြပေးထားမယ်” ဟု ပြောသည်။

ယခုကဲ့သို့ လေ့ကျင့်နိုင်ရန် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့၊ World Vesion နှင့် ပြည်သူလူထု တို့က ကူညီထောက်ပံ့ထားသည်ဟု ဦးစန်းလှိုင်က ဆိုသည်။

ထိုသို့ ဧရာဝတီမြစ်အတွင်းတွင် လက်တွေ့လေ့ကျင့်နိုင်ရန် ဇွန်လ ၁ ရက်မှ စတင်၍ သင်ကြားပေးခဲ့ပြီး လက်တွေ့လေ့ကျင့်ခြင်း ကို  ဇွန်လ ၉ ရက်တွင် ပြုလုပ်ကာ ဇွန်လ ၁၂ ရက်အထိ လက်တွေ့လေ့ကျင့်သွားမည် ဖြစ်သည်။

လုပ်သက်အတွေ့အကြုံ ၁၅ နှစ်ကျော်ရှိသည့် တပ်စုမှူး ကိုထွန်းထွန်းကလည်း “ ဒီလိုဖြစ်ပြီဆိုရင် အရန်တပ်ဖွဲ့တွေအနေနဲ့ အတွေ့အကြုံ မရှိဘူး။ အဲလို မရှိတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အန္တရာယ်ရှိတယ်။ အခုလို လေ့ကျင့်ခွင့်ရတာ ဝမ်းသာတယ်” ဟု ပြောသည်။

သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့် တပြေးညီ အသက်ကယ် ကူညီဆောင်ရွက် ပေးနိုင်ရန်နှင့် ရေယာဉ်များ ဧရာဝတီမြစ်အတွင်း အရေးပေါ်ဖြစ်ပေါ်နေမှုများကို ကူညီပေးသွားမည် ဖြစ်သည်။

အဆိုပါ သက်ကယ် လက်တွေ့လေ့ကျင့်မှုများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုလို လေ့ကျင့်မှုများကို အရန်မီးသတ်တပ်ဖွဲ့ က ဆောင်ရွက်ပေးခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly