လူမှုဖူလုံရေး အခြေခံမူဝါဒရေးရာ အစီရင်ခံစာ (ABND) မျက်နှာဖုံးပြင်ဆင်မှုကြောင့် ကြန့်ကြာနေ

လူမှုဖူလုံရေး အခြေခံမူဝါဒရေးရာ အစီရင်ခံစာ (ABND) မျက်နှာဖုံးပြင်ဆင်မှုကြောင့် ကြန့်ကြာနေ
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်က အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံတို့ကို အခြေပြုထုတ်ဝေထားသည့် ABND ရီပို့ စာအုပ်အဖုံးများ။

ရန်ကုန် (မဇ္ဈိမ) ။ ။ လူမှုဖူလုံရေး အခြေခံမူဝါဒများနှင့် ပက်သက်သည့် အမျိုးသား တွေဆုံဆွေးနွေးရေး အကဲဖြတ် အစီရင်ခံစာ (Assessment Based National Dialogue report) ABND ကို မျက်နှာဖုံးပါ ဓါတ်ပုံများကြောင့် ထုတ်ပြန်ရန် ကြန့်ကြာနေ ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးထံမှ ဇွန်လ ၁၀ရက်တွင် သိရသည်။

ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က "မျက်နှာဖုံးမှာ ကလေးချီထားတဲ့သူရယ်၊ အဘိုးအိုတစ်ဦးက ငုတ်တုတ်ထိုင်နေတာပဲပါတယ်။ ဒါကို ဝန်ကြီးဌာနက ကိုယ်တိုင်ပြင်ဆင်ချင်လို့ မိတ်ဆက်တဲ့နေ့မှာပဲ မထုတ်သေးတာပါ။ အဲဒီနေ့က တက်လာတဲ့သူတွေဆီကိုတော့ ပါသွားပါတယ်၊ ပြန်သိမ်းတယ်ဆိုတာတော့ မဟုတ်ပါဘူး" ဟု မဇ္ဈိမကိုပြောသည်။

လက်ရှိ မျက်နှာဖုံးတွင် တရုတ်လူမျိုးတစ်ဦးနှင့် အစ္စလာမ်ဘာသာဝင် တစ်ဦးတို့၏ ရုပ်ပုံများကိုသာ အသုံးပြုထားပြီး ယင်းစာအုပ် မိတ်ဆက်သည့် မေလ ၂၀ရက်က နေပြည်တော်ရှိ ဟိုတယ်မက်(စ်) ၌ပင် ဝန်ကြီးအမိန့်ဖြင့်ဆိုကာ ပြန်လည် သိမ်းဆည်းခြင်းများပင်ရှိခဲ့ကြောင့် သံတမန် အသိုင်းအဝိုင်းနှင့် နိုင်ငံတစ်ကာ အရပ်ဖက်အဖွဲ့ အသိုင်းအဝိုင်းမှ ဝေဖန်နေကြသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ဦးစီးပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့၊  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ တို့အပြင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ လူမှုဖူလုံရေး အခြေခံမူဝါဒများကို ရေးစွဲထားခြင်းဖြစ်သော်လည်း မျက်နှာဖုံးပါ ဓါတ်ပုံများကို ပြင်ဆင်လိုသဖြင့် မထုတ်ပြန် သေးခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတိ(ဖ်)မာရှယ်(လ်) က "အစိုးရရဲ့ လူမှုဖူလုံရေးမဟာဗျူဟာတွေ အတွက် အသုံးဝင်တဲ့ဟာတွေ၊ ဒီအစီရင်ခံစာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးဖို့အတွက် နည်းပညာ နှောင့်နှေးမှုပြဿနာ တစ်ချို့ရှိနေတယ် မကြာခင်မှာတော့ လူထုဆီကို အလွယ်တကူရရှိတော့မှာပါ" ဟု ဇွန်လ ၁၀ရက်တွင် အီးမေးလ်မှ တစ်ဆင့် မဇ္ဈိမကိုပြောသည်။

ILO က ဦးဆောင်ရေးဆွဲထားသည့် အစီရင်ခံစာသည့် အစိုးရက ဖော်ဆောင်ရမည့် လူမှုဖူလုံရေးမဟာဗျူဟာ ဖွံ့ဖြိုးရေး အသိပေးမှုများအတွက် များစွာ အသုံးဝင်မည်ဖြစ်ပြီး ယင်းသည် ပြောင်းလဲဖြစ်ပေါ်ပြီး နယ်ပယ်သစ်များ၊ ရင့်ကျက်သည့် မဟာဗျူဟာများအဖြစ် ဆက်လက်ဖြစ်ပေါ်နေမည့် အချက်များဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းအစီရင်ခံစာတွင် လက်ရှိ မူဝါဒရေးရာ ဖြစ်ထွန်းမှုများကို အသိပေးနိုင်ရန်နှင့် လူမှုကာကွယ်ရေးရှေ့ဆောင် အစီအစဉ်များကို တွက်ချက်ထားသည့် နမူနာပုံစံများစွာပါဝင်သည်ဟု ILO မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly