ဝှိုက်ကဒ်အပ်သူများကို ၂နှစ်သက်တမ်းရှိ ကဒ်ပြားများ ထုတ်ပေးမည်ဟုဆို

ဝှိုက်ကဒ်အပ်သူများကို ၂နှစ်သက်တမ်းရှိ ကဒ်ပြားများ ထုတ်ပေးမည်ဟုဆို
ဝှိုက်ကတ်ပြန်လည်အပ်နှံ၍ ထုတ်ပေးထားသည့် ယာယီသက်သေခံ ကတ်ပြား။ (ဓာတ်ပုံ-အီးပီအေ)

ယာယီနိုင်ငံသားကဒ်(ဝှိုက်ကဒ်)များ ပြန်လည်အပ်နံှသူများကို သက်တမ်း ၂နှစ်ရှိသည့် နိုင်ငံသားစိစစ်ခံမည့် အထောက်အထား ကဒ်ပြားများကို ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဇွန်လ ၇ရက်တွင် မဇ္ဈိမကိုပြောသည်။

"၂နှစ်သက်တမ်းရှိမယ့် ကဒ်ကိုထုတ်ပေးမယ်။ သက်တမ်းပြည့်ရင် ပြန်လဲရမယ်။ အဲဒါရထားပြီးရင် ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ ဆက်လုပ်မယ်၊ ဝှိုက်ကဒ် ပြန်အပ်ခံတဲ့နေရာတိုင်းက ပုံစံရေးသွင်းပြီး  ပြန်ထုတ်ပေးမှာ" ဟု ၎င်းကဆိုသည်။

ဝှိုက်ကဒ် ပြန်လည်အပ်နံှသူများသည် ၂နှစ်သက်တမ်းရှိသည့် ကဒ်ပြားများရရှိရန် ၁၉၄၇ခုနှစ် လဝက ဥပဒေပါ အမျိုးသားမှတ်ပုံ တင်ကဒ်ပြားမရရှိမှီ နှင့် လျောက်ထားဆဲကာလအတွင်း အသိအမှတ်ပုံလျှောက်လွာ ပုံစံ (၃) ကိုဖြည့်စွက်ရမည်ဖြစ်ကြောင်း လဝက မှသိရသည်။

ယင်းလျောက်လွှာပုံစံများကို ရခိုင်ပြည်နယ်အတွင်းရှိ ဝှိုက်ကဒ်များ ပြန်လည်အပ်နံှသည့် စခန်းများမှပင် ဇွန်လ၅ရက်မှ ရက်အကန့် အသတ်မရှိ ထုတ်ပေးနေပြီး၊ နိုင်ငံသားစိစစ်လိုပါက စိစစ်ဆောင်ရွက်သွားမည်ဟု ဦးမောင်မောင်သန်းက ဆိုသည်။

နိုင်ငံသားစိစစ်ခံသူများသည် ပြဌာန်းပြီး နိုင်ငံသားဥပဒေအရ အရည်အချင်းပြည့်မှီသူများမှာ ဥပဒေအရ နိုင်ငံသား အဖြစ်ရရှိ မည်ဖြစ်ပြီး သက်တမ်း ၂နှစ်အတွင်း စိစစ်မှုများမပြုလုပ်ခဲ့ပဲ သက်တမ်းကုန်ဆုံးပါခဲ့ပါ သက်တမ်းတိုးထပ်မံလျောက်ထားရမည်ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ဝှိုက်ကဒ်ကိုင်ဆောင်သူ ၇သိန်းကျော်ရှိပြီး သမ္မတ ဦးသိန်းစိန်၏ ဝှိုက်ကပ်များဖျက်သိမ်းသည့် ထုတ်ပြန်ချက် အရ လာရောက် အပ်နံှသူ လေးသိန်းကျော်သာရှိသည်။

မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် မွေးရာပါ နိုင်ငံသားများကို ပန်းရောင် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ဧည့်သည်နိုင်ငံသား အဖြစ် သတ်မှတ်ပြီး ထုတ်ပေးသည့် အစိမ်းရောင် ဧည့်နိုင်ငံသားကဒ်၊ ဥပဒေအရ လျောက်ထားပြီး သက်မှတ်ချက်များနှင့်ကိုက်ညီ သူများကို ထုတ်ပေးသည့် အပြာရောင် ပြုနိုင်ငံသားကဒ်၊ နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများကို ထုတ်ပေးသည့် နိုင်ငံခြား သားမှတ်ပုံတင်စာရွက်၊ မည်သည့်နိုင်ငံသားဟု သတ်မှတ်ထားခြင်းမရှိဘဲ မြန်မာနိုင်ငံအတွင်း နေထိုင်နေသူဟု သတ်မှတ်ကာ ထုတ်ပေး သည့် အမျိုးသားမှတ်ပုံတင်၊ နှင့် ယာယီနိုင်ငံသားအဖြစ် သတ်မှတ်ကာ ထုတ်ပေးသည့် အဖြူရောင်(ဝှိုက်ကဒ်) ဟု ၁၉၈၂ခုနှစ် နိုင်ငံသားဥပအေရ ခွဲခြားထားသည်။

လဝက မှထုတ်ပေးနေသည့် ကဒ်ပြား ၆မျိုး သတ်မှတ်ထားသော်လည်း နိုင်ငံလူဦးရေ၏ ၂၇ရာခိုင်နှုန်းကျော် ဖြစ်သည့် လူဦးရေ တစ်သန်းကျော်က မည်သည့် ကဒ်ပြားအမျိုးအစားမှ ကိုင်ဆောင်ခြင်းမရှိကြောင်း မေလ ၂၉ရက်တွင် ထုတ်ပြန်သည့် သန်းခေါင် စာရင်းရလဒ်မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly