နေပြည်တော်၊ ဇွန် ၃ ။ ။ လူကုန်ကူးခြင်းကိစ္စ လှေစီးဒုက္ခသည်များကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်နှင့် မြန်မာနိုင်ငံအတွင်း လူမျိုးစု အရေး ပဋိပက္ခများ မကြီးထွားစေရန် ရည်ရွယ်၍ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ဇွန်လ ၃ ရက် ရက်စွဲဖြင့် စာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယက က ပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက်နိုင်စေတဲ့ အလား အလာများ မြင်တွေ့နေရတဲ့ အတွက် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြု မူ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက က ပြောသည်။
အဆိုပါ မေတ္တာရပ်ခံစာတွင် “ယခုအခါ လူကုန်ကူးခြင်းကိစ္စ၊ လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင် အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်၊ မြန်မာနိုင်ငံအတွင်း လူမျိုးစုအရေး ပဋိပက္ခများ မကြီးထွားစေရန်၊ပြည် တွင်းပြည်ပနှင့်နိုင် ငံတော် အဖွဲ့အစည်းများက အထူးအလေးပေးစေလိုပါသည်။
“မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဦးတည်ပြီး နိုင်ငံတကာ အသိုက်အဝန်းက ပြဿနာကို ဓမ္မဓိဋ္ဌာန် ကျကျ ဖြေရှင်းရေးကို အဓိက ထားကာ ဘက်လိုက်မှု ကင်းစွာဖြင့် ချဉ်းကပ်ရန် လိုပါ သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ပိုမိုခိုင်မြဲစေရန် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် တိုင်းရင်းသားများ၏ စရိုက်လက္ခဏာများကိုပါ ထည့်သွင်းစဉ်းစားပြီး အဘက်ဘက်မှ အပြုသဘောဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ကြ ပါစေ။ တည်ကြည်ဖြောင့် မတ်စွာဖြင့် ---သူရဦးရွှေမန်း---” ဟု ပါရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ပြသည်။