လွှတ်တော်ဥက္ကဋ္ဌ ပြောဆိုပြုမူတာ ဥပဒေနဲ ့မညီဘူးထင်ရင် အချိန်မရွေး စွပ်စွဲပြစ်တင် နိုင်ဟု သူရဦးရွှေမန်း ပြော

လွှတ်တော်ဥက္ကဋ္ဌ ပြောဆိုပြုမူတာ ဥပဒေနဲ ့မညီဘူးထင်ရင် အချိန်မရွေး စွပ်စွဲပြစ်တင် နိုင်ဟု သူရဦးရွှေမန်း ပြော

နေပြည်တော်၊ ဇွန် ၂ ။     ။ အချိန်ကြာမြင့်စွာ ဆွေးနွေးငြင်းခုံ စွပ်စွဲပြစ်တင် ဝေဖန်မှုများကြားမှမြန်မာ့သတ္ထုတွင်း ဥပဒေကိုပြည်သူ့ လွှတ်တော်၏ပြင်ဆင်ချက်များအတိုင်း ဇွန်၂ ရက်၌ ကျင်းပသည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုနိုင်ခဲ့သည်။ ထို့အတူ လွှတ်တော်နာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ နှင့် ဝေဖန်စွပ်စွဲကြသူ အမတ်အချို့အကြား သဘောကွဲလွဲမှု၊ စွပ်စွဲထိပါးမှု အချို့လည်း ရှိခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်မှု မှားသည်ထင်လျှင် စွပ်စွဲပြောဆိုနိုင်ကြောင်း သူရဦးရွှေမန်းက သတိပေးပြောကြားသည်။

“ပြောရေးဆိုလို့ပြောရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက လမ်းဘေးက တက်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌ လုပ်နေတာ မဟုတ်ဘူး။ဟောဒီ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်ထားလို့ ဥက္ကဋ္ဌ ဖြစ်တာ၊ ဒါကြောင့်မို့လွှတ်တော် ဥက္ကဋ္ဌရဲ့ ပြော ဆိုပြုမူ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့မညီဘူး ထင်ရင် အချိန်မရွေး စွပ်စွဲပြစ်တင်နိုင်တယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ကယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  အဆိုပါ သတ္တုတွင်း ဥပဒေကြမ်းကို အပြင်းအထန် ဆွေးနွေးငြင်းခုံခဲ့ကြပြီး အစည်းအဝေးအပြီး နာယက ပြန်ထွက် သွားချိန် ၌ အမျိုးသားလွှတ်တော် အမတ်တစ်ဦးက မကျေနပ်သဖြင့် ဒေါသတကြီးအော်ဟစ်ပြောဆိုမှု၊ ကိုယ်လက်များဖြင့် တွန်းတွန်းတိုက်တိုက်လုပ်မှုများကို မိမိ ပြန်လည် ကြားသိရသည် ဟုသူရဦးရွှေမန်းက ယနေ့ ပြန်ပြောအပြီးတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သေချာ နားထောင်ပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ နောက်ကို လွှတ်တော် ဥက္ကဋ္ဌကို သော်လည်းကောင်း၊ လွှတ်တော်ကိုလည်းကောင်း စော်ကားတဲ့ ကိစ္စမျိုးများ ပေါ်ပေါက်လာလို့ရှိရင် ထိထိရောက်ရောက် အရေးယူမယ်။ လွှတ်တော်ကို မထေမဲ့မြင် မပြုပါနဲ့။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေကို မထေမဲ့မြင် မပြုပါနဲ့။ စကားကို ပေါက်လွှတ်ပဲစား ပြောလို့ မရဘူး။ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်ကိုယ်စားလှယ်လို ပြော၊ စောင့်ကြည့်နေမယ်။ နောက်တစ်ခါဆိုရင် ချက်ချင်းအရေးယူမယ်” ဟုလည်း ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ်စားလှယ် တို့အား သတိပေး ပြောကြားသည်။

ပုဒ်မပေါင်း လေးဆယ်ရှိသော သတ္ထုတွင်းဥပဒေကြမ်း ပုဒ်မ ၆ ကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ထားသည့်အချက်ကို ပြည်သူ့လွှတ်တော်က ကန့်ကွက်ခဲ့ပြီး ထိုသို့ကန့်ကွက်ခြင်း ကိုပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကလည်း ထောက်ခံခဲ့သဖြင့် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမအတွင်း အပြန်အလှန် စွပ်စွဲ ပုတ်ခတ်ကြ သည်အထိ အငြင်းပွားခဲ့ကြသည်။

“ပြည်သူ့လွှတ်တော်ရဲ့ အကြောင်းပြ ကန့်ကွက်ချက်ဟာ ခိုင်လုံခြင်း မရှိပါဘူး။ အနာဂတ်မြန်မာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နဲ့အဆင့်ဆင့် တက်လှမ်းချီတက်ဖို့ပြင်ဆင်နေချိန်မှာ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး တန်းတူအခွင့်အရေး ရရှိရေးနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့် အာဏာ ခွဲဝေပေးရေး၊ သယံဇာတ လုပ်ပိုင်ခွင့် ခွဲဝေပေးရေးတို့ဟာ နိုင်ငံသားများအတွက် အဓိက သော့ချက် ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ အနေနဲ့ လုပ်ကွက်စိစစ် ချထားရေး အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးအပ်ရန် အမျိုးသားလွှတ်တော်က ဥပဒေ ပုဒ်မ ၆၊ ၆(က) နဲ့ပြင်ဆင် ပြဋ္ဌာန်းခြင်း ဖြစ်ပါတယ်။

ဥပဒေပြုလွှတ်တော်မှာ ရိုးသားဖို့နဲ့ ဘက်မလိုက်ဖို့ အထူးလိုအပ်တယ်လို့ သုံးသပ်မိပါတယ်။ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ အချို့သော ကော်မတီမှာ ဘက်လိုက်မှုကင်းပါရဲ့လားလို့မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ ပြင်ဆင်ချက်ကို ကန့်ကွက် ပြစ်တင်ကြသည့် အမျိုးသား လွှတ်တော်အမတ်များထဲမှ တစ်ဦး ဖြစ်သော ဦးဟာရှိန်းဘွေက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြောသည်။

အမတ်အချို့ကဆိုလျှင် မြန်မာ့သတ္ထုတွင်းဥပဒေ ပုဒ်မ ၆ နှင့် ပတ်သက်သည့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်သည် ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချရေးအတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ဒေသခံ ပြည်သူတို့ကိုယ်ပိုင်လုပ်ကွက်ငယ်များ လုပ်ကိုင်ခွင့် ရရှိရေးကို ပိတ်ပင်ရာ ရောက်ကြောင်း၊ လွှတ်တော်အတွင်း ၌ ဒီမိုကရေစီနည်းဖြင့် အနိုင်မကျင့်သင့်ကြောင်း စသဖြင့် ဝေဖန်စွပ်စွဲမှုများဖြင့် ပြောကြားကြသည်။

ဥပဒေပြုရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့မှာ သီးခြားစဉ်းစားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဥပဒေကြမ်းကို စိစစ်သည့်အခါ လိုက်နာရမည့် အခြေခံစည်းမျဉ်း ၁၂ ချက်အရ ဆောင် ရွက်ကြခြင်းသာ ဖြစ်ကြောင်း လွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ကပါ လွှတ်တော်သို့ရှင်းပြအပြီး ထိုဥပဒေကြမ်းကို လျှို့ဝှက်ဆန္ဒမဲဖြင့် လွှတ်တော်၏ သဘောထားရယူရာ ထောက်ခံမဲအများစုဖြင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုနိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly