ဆိုးလ်၊ ဇွန်၁၀ ။ ။အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ရောဂါ မားစ် (MERS) ကူးစက်ပျံ့ပွားမှုအပေါ် အစိုးရိမ်ကြီးပြီး ဈေး ဝယ်သူများ အိမ်ထဲက အိမ်အပြင် မထွက်ကြသောကြောင့် တောင်ကိုရီးယား၏ ဈေးရပ်ကွက်များတွင် ငွေကြေးသုံးစွဲမှုမှာ ဇွန် ပထမပတ်အတွင်း သိသိသာသာ ကျဆင်းသွားခဲ့သော် လည်း အွန်လိုင်းဈေးဝယ်မှုမှာမူ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
နောက်ထပ်နှစ်ယောက် ထပ်မံသေဆုံးခဲ့ပြီး နောက်ထပ် ၁၃ ယောက်တွင် ဗိုင်းရပ်စ် ကူးစက်ခံ နေရကြောင်း တွေ့ရှိလာ ခဲ့သောကြောင့် စုစုပေါင်း လူနာအရေအတွက်မှာ ၁၀၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ရာ သမ္မတ ပက်ဂွမ်ဟေးက ရောဂါကူးစက် ပျံ့ပွားမှုကို ထိန်းချုပ်ရာတွင် ကြီးကြပ်ရန် အမေရိကန် ခရီးစဉ်ကို ဆိုင်းငံ့ခဲ့သည်။
ကုန်တိုက်ဆိုင်ကြီးများတွင် အရောင်းမှာ မေလ ပထမနှစ်ပတ် ပျမ်းမျှရောင်းချရမှုအောက် ၂၅ ရာခိုင်နှုန်းနှင့် လျှော့ဈေးစတိုးဆိုင် များတွင် ၇ ဒသမ ၂ရာခိုင်နှုန်း အသီးသီး ကျဆင်းသွား ခဲ့သော်လည်း အွန်လိုင်းဝယ်ယူမှုမှာမူ ၃ ဒသမ ၂ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်ဟု ဆိုသည်။
ဇွန်လ ပထမပတ် ရုပ်ရှင်လက်မှတ် အရောင်းပမာဏမှာလည်း အစောပိုင်းရက်များကထက် ၅၄ ဒသမ ၉ရာခိုင်နှုန်း ကျဆင်းသွား ခဲ့ပြီး အပန်းဖြေပန်းခြံများသို့ အလည်အပတ် လာရောက်သူ အရေအတွက်မှာလည်း ၆၀ ဒသမ ၄ရာခိုင်နှုန်း ထိုးကျသွားသကဲ့ သို့ ဘေ့စ်ဘောကစားပွဲများသို့ လာရောက် ကြည့်ရှုအားပေးသူ အရေအတွက်မှာလည်း ၃၈ ဒသမ ၇ရာခိုင်နှုန်း လျော့နည်း သွားခဲ့ သည်ဟု ဆိုသည်။ ပြတိုက်များနှင့် ပန်းချီပြခန်းများမှာလည်း အလားတူ ကံကြမ္မာကို ကြုံတွေ့ကြရပြီး ၈၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၄၈ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြ သည်ဟု ဆိုသည်။
ဘဏ္ဍာရေးဝန်ကြီး ချွိုင်ကျွန်းဟွန်က တောင်ကိုရီးယားနိုင်ငံသားများကို အကြောက်မလွန် ကြရန်နှင့် ဈေးဝယ်ထွက်မြဲ ထွက်ကြရန် ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် တိုက်တွန်း ပြောကြားခဲ့သည်။