ထိုင်းနှင့် မြန်မာ လူမှောင်ခိုစခန်းများတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများ လိင်ကျွန်သဖွယ် ဆက်ဆံခံနေရပြီး ငယ်ရွယ်ချောမောသည့် မိန်းကလေးများကို ညစဉ် ခေါ်ထုတ်သွားပြီး အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုများ ဖြစ်ပွားနေသည်ဟုဆို

ထိုင်းနှင့် မြန်မာ လူမှောင်ခိုစခန်းများတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများ လိင်ကျွန်သဖွယ် ဆက်ဆံခံနေရပြီး ငယ်ရွယ်ချောမောသည့် မိန်းကလေးများကို ညစဉ် ခေါ်ထုတ်သွားပြီး အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုများ ဖြစ်ပွားနေသည်ဟုဆို
ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း တစ်ခုတွင်တွေ့ရသည့် ရိုဟင်ဂျာ မိသားစုတစ်စု။ ဓာတ်ပုံ-အေအက်ဖ်ပီ

ကွာလာလမ်ပူ၊ ဇွန် ၂ ။     ။ ထိုင်းနှင့် မြန်မာ လူမှောင်ခိုကုန်ကူးစခန်းများသို့ ရောက်ရှိထိန်းသိမ်းခံရသည့် ရိုဟင်ဂျာဆိုသူ အမျိုးသမီးများသည် ၎င်းတို့ကို ချုပ်နှောင်ထားသူများ၏လိင်ကျွန် သဖွယ် ဆက်ဆံခံရခြင်းနှင့် အုပ်စုလိုက် မုဒိမ်းပြုကျင့်ခြင်းများကို ခံခဲ့ရကြောင်း မလေးရှားမီဒီယာက ဖော်ပြသည်။

မြန်မာနိုင်ငံ မောင်တောမှ လာသည်ဆိုသည့် အသက် ၂၄ နှစ်အရွယ် နာခါအစ်ဒါ အဒူဆူခါဆိုသူ အမျိုးသမီးက သူ့ကလေးငယ်နှင့် ထိုင်းနိုင်ငံ ပတ်ဒေါင်ဘီဆာရှိ မှောင်ခိုစခန်းတွင် ရှစ်ရက်ကြာ ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ယင်းစခန်းများတွင် အမျိုးသမီးငယ်ငယ်လေးများကို ညဘက်များတွင် လာလာခေါ်ထုတ်သွားတတ်သည်ဟု ဆူခါက ပြောကြောင်း မလေးရှာနိုင်ငံပိုင် ဘာနားမားသတင်း အေဂျင်စီက တနင်္လာနေ့က သတင်းထုတ်လွှင့်ခဲ့သည်။

” ညတိုင်းပါပဲ၊ ချောမောပြီး ခပ်ငယ်ငယ် ရိုဟင်ဂျာဆိုသူ မိန်းကလေးတွေ နှစ်ယောက် သုံးယောက်ကို အစောင့်တွေက လာလာခေါ်ထုတ်သွားတတ်တယ်။ နောက် ဘယ်မှန်းမသိရတဲ့ နေရာကို ခေါ်သွားတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

”သူတို့လေးတွေကို အစောင့်တွေက အုပ်လိုက် မုဒိမ်းကျင့်ခဲ့ကြလိမ့်မယ်။ မိန်းကလေးနှစ်ယောက် ဒီလိုအုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိလာကြတယ်”ဟု ဆူခါက ပြောသည်။ ထိုသို့ ခေါ်ဆောင်သွားကြသည်မှာ ယင်းအစောင့်များက ၎င်းတို့ အာသာဆန္ဒ မပြေမချင်း ရက်များစွာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံဘက်က Wang Kelian မှောင်ခိုစခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့သူ အမျိုးသား တစ်ဦးကလည်း ” ညဘက်မှာ အစောင့်တချို့က အမျိုးသမီးတွေထားတဲ့ နေရာဆီသွားပြီး ခေါ်ထုတ် လာတာပဲ။ သူတို့ခေါ်လာတဲ့နေရာက ကျွန်တော်တို့နဲ့ မဝေးတော့ အသံတွေ ကြားရတယ်။ သူတို့တွေ သားမယား ဝိုင်းကျင့်နေတဲ့နေရာကနေ စီခနဲ မိန်းကလေးတွေ ငိုယိုကြတဲ့ အသံတွေ ကြားရပါတယ်။ ဒါပေမယ့် ညဘက်တွေမှာ ဖြစ်တာမို့ အသံပဲကြားပြီး မြင်တော့မမြင်ရဘူး”ဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly