ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် ပစိဖိတ်ကျွန်းနိုင်ငံများကို ဂျပန်က ဒေါ်လာ ၄၅၃ သန်း ထောက်ပံ့မည်

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် ပစိဖိတ်ကျွန်းနိုင်ငံများကို ဂျပန်က ဒေါ်လာ ၄၅၃ သန်း ထောက်ပံ့မည်
မေ၂၃ ရက်က ပစိဖိတ်ကျွန်း နိုင်ငံများ၏ ခေါင်းဆောင်များ အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မိန့်ခွန်းပြောနေစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

အေအက်ဖ်ပီ (တိုကျို)။ ။ ရာသီဥတု ပြောင်းလဲမှုများနှင့် သဘာဝ ကပ်ဘေးဒုက္ခများကို တိုက်ဖျက်နိုင်စေရန် ပစိဖိတ် ကျွန်းနိုင်ငံများကို အမေရိကန် ဒေါ်လာ ၄၅၃ သန်း ထောက်ပံ့မည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၂၃ ရက်တွင် ကတိပြုပြောကြားသည်။

ပစိဖိတ်ကျွန်းနိုင်ငံ ၁၄ နိုင်ငံ၏ ခေါင်းဆောင်များ ၎င်းတို့၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးရန် ဂျပန်နိုင်ငံ၊ ဖူကူရှီးမား စီရင်စုနယ်၊ အီဝါကီတွင် သောကြာနေ့က စတင်ခဲ့သည့် နှစ်ရက်ကြာ အစည်းအဝေးအတွက် ရောက်ရှိနေစဉ် မစ္စတာအာဘေးက ကတိပြုခဲ့ခြင်း ဖြစ်သည်။

"ဂျပန်အစိုးရရဲ့ ကတိတစ်ခုအနေနဲ့ ရာသီဥတု ပြောင်းလဲမှု၊ ကပ်ဘေးတွေကို တွန်းလှန်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ရရှိဖို့ လာမယ့်သုံးနှစ်အတွင်းမှာ ခင်ဗျားတို့ကို ယန်း ၅၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၅၃ သန်း)ထက်မနည်း ကျွန်တော်တို့ ထောက်ပံံ့မှာ ဖြစ်ပါတယ်" ဟု အာဘေးက အစည်းအဝေးတွင် ပြောကြားသည်။

ဒေသတွင်းတွင် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေး သြဇာကြီးထွားလာစဉ် ပစိဖိတ်ဒေသ၍ ၎င်း၏သြဇာကို မြှင့်တင်ရန် အိမ်ရှင်ဂျပန်က ကြိုးပမ်းလျက်ရှိစဉ် ပစိဖိတ်ကျွန်းနိုင်ငံများ၏ ခေါင်းဆောင်များ အစည်းအဝေး သတ္တမအကျော့ အစည်းအဝေးကို ဂျပန်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly