သောင်းကျန်းသူများကို အနိုင်ယူမည့် လက်နက်သစ် တစ်ခုအဖြစ် ဒီအင်အေစုဆောင်းမှု ထိုင်းပြုလုပ်နေ

သောင်းကျန်းသူများကို အနိုင်ယူမည့် လက်နက်သစ် တစ်ခုအဖြစ် ဒီအင်အေစုဆောင်းမှု ထိုင်းပြုလုပ်နေ

ရိုက်တာ (ယာလာ)။ ။ ထိုင်းစစ်အစိုးရသည် တောင်ပိုင်းတွင် ဆယ်စုနှစ် တစ်နှစ်ကျော်ကြာဖြစ်ပေါ်နေသည့် သောင်းကျန်းမှုကို ထိန်းချုပ်ရန် မဟာဗျူဟာသစ် တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယင်းမှာ ဒီအင်အေစုဆောင်းခြင်း ဖြစ်သည်။

ထိုင်းအစိုးရသည် စီးပွားရေးကိုင်တွယ်မှု မှားယွင်းခြင်းနှင့် ဒီမိုကရေစီကို အားနည်းစေအောင် ပြုလုပ်သည့်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသော်လည်း မတည်ငြိမ်သော ဒေသတစ်ဝန်း မွတ်စလင်မလေး သူပုန်များ၏ တိုက်ခိုက်မှုမှာ ၅၀ ရာခိုင်နှုန်းကျော် အထိလျော့ကျသွားကြောင်း လွန်ခဲ့သည့် တစ်နှစ်ကျော်က အာဏာသိမ်းယူခဲ့သည့် ထိပ်တန်းဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

ယခုအခါ လူ ၄၀,၀၀၀ ၏ ဒီအင်အေနမူနာများကို စုဆောင်းထားရှိနိုင်ပြီး ဖမ်းဆီးတရားစွဲဆိုမှုများကို ပိုမိုလွယ်ကူစွာ ပြုလုပ်လာနိုင်ကြောင်း မလေးရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တောင်ပိုင်းပြည်နယ်များအတွက် တာဝန်ပေးထားသော ရဲချုပ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

တောင်ပိုင်းတွင် ထိုင်းတို့၏ အုပ်ချုပ်မှုကို တော်လှန်မှုမှာ ၂၀၀၄ ခုနှစ်တွင်ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်ကတည်းက ယခုအချိန်ထိ လူ ၆,၅၀၀ ကျော်မှာ ပစ်ခတ်မှု၊ ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ပြီ ဖြစ်သည်။ သေဆုံးသူအများစုမှာလည်း အရပ်သားများသာ ဖြစ်သည်။ ထိုင်းအစိုးရ အဆက်ဆက်မှာ ခွဲထွက်ရေးပြသနာကို မဖြေရှင်းနိုင်ခဲ့ပေ။

ယခုနှစ်တွင် လုံခြုံရေးနှင့် ဆက်နွယ်တရားစွဲဆိုမှုများမှာ ၂၀၁၄ ခုနှစ်ကထက် ပိုများဖွယ်ရှိနေပြီး ယင်းသို့ဖြစ်ရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဒီအင်အေ အထောက်အထားကို မိုပိုအသုံးပြုခြင်းကြောင့် ဖြစ်ကြောင်း ပတ္တာနီပြည်နယ်မှ မွတ်စလင်ရှေ့နေစင်တာက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က အဆိုပါပြည်နယ်တွင် လူ ၃၇ ဦးကို တရားစွဲဆိုခဲ့ပြီး ယခုနှစ် ပထမလေးလမှာပင် လူ ၂၂ ဦးကို တရားစွဲဆိုထားပြီး ဖြစ်သည်။

အကြမ်းဖက်မှုတွင် သေဆုံးသူများအတွက် စစ်တပ်က ဒီအင်အေ စုဆောင်းမှုကို အသိအမှတ်ပြုနေသော်လည်း ဒီအင်အေ အဓမ္မစုဆောင်းမှုက မွတ်စလင်အများစုရှိသော ပတ္တာနီ၊ ယာလာနှင့် နာရာသီဝပ်ပြည်နယ်များရှိ ဒေသခံများကို နောက်ထပ် စိမ်းကားသွားစေနိုင်သည်ဟု ရှေ့နေများနှင့် လှုပ်ရှားတက်ကြွသူများက ပြောကြားလျက်ရှိသည်။ ၎င်းပြည်နယ်များကို လွန်ခဲ့သည့် ရာစုနှစ် တစ်နှစ်က ထိုင်းက သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် ဒီအင်အေစမ်းသပ်ခံရသည်မှာ သုံးကြိမ်ရှိသွားပြီဖြစ်ကြောင်း ပတ္တာနီမှ အသက် ၂၆ နှစ်အရွယ် ဇာဝါဝီးပီက ပြောသည်။ ယခုနှစ်အစောပိုင်း ကလေးကြိမ်မြောက် စစ်ဆေးမှုကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။

ရဲအရာရှိ တစ်ဦးသည် ၎င်း၏ အိမ်သို့ရောက်လာပြီး လက်ဗွေပုံစံနှင့် သွားရည်နမူနာများ တောင်းခံရန် လာရောက်ခဲ့သည်ဟု ပြစ်မှုမှတ်တမ်း မရှိသော ဇာဝါဝီးက ပြောကြားခဲ့သည်။ ၎င်းက ငြင်းဆိုသောအခါ အရာရှိက သေနတ်တစ်လက်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

"အနာဂတ်မှာ ကျွန်တော်အမှားလုပ်တဲ့အခါ အထောက်အထားလိုချင်တယ်လို့ သူတို့ကဆိုတယ်။ ကျွန်တော် မကျူးလွန်သေးတဲ့ ပြစ်မှု တစ်ခုအတွက် ဘာ့ကြောင့်စမ်းသပ်မှာလဲ" ၎င်းက ပြောကြားခဲ့သည်။

ဒီအင်အေ စုဆောင်းမှုသည် မယုံကြည်မှုကို မီးထိုးပေးနေကြောင်း မွတ်စလင် ရှေ့နေစင်တာမှ ရှေ့နေ အက်ဘ်ဒူလ်အဇစ်က ပြောသည်။

၎င်း၏ တပ်ဖွဲ့ဝင်များက နိုင်ထက်စီးနင်းပြုနေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း တောင်ပိုင်းပြည်နယ်များ၊ ရဲတပ်ဖွဲ့စစ်ဆင်ရေးဋ္ဌာန တပ်မှူး ဗိုလ်ချုပ် အနုရွတ် ခရစ်ဆာနာကာရာကက်က ပြောဆိုခဲ့သည်။

သံသယဖြစ်ဖွယ် သူပုန်များ၏ သွားရည်နမူနာ စုဆောင်းခြင်းနှင့် ပေါက်ကွဲမှုဖြစ်ပြီးနောက် အကြွင်းအကျန်များကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုများ ပါဝင်သော ဒီအင်အေ စမ်းသပ်မှုသည် ထင်ရာမြင်ရာ ရမ်းကားလုပ်ဆောင်ခြင်း မဟုတ်ဟုလည်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly