တောင်ကိုရီးယားအတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု မြောက်ကိုရီးယားတွင် အဖမ်းခံထားရသော တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ပြောကြား

တောင်ကိုရီးယားအတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု မြောက်ကိုရီးယားတွင် အဖမ်းခံထားရသော တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ပြောကြား
သူလျှိူဖြစ်ကြောင်း ဝန်ခံခဲ့ကြသည့် ကင်ကွတ်ဂီ (ဝဲ) နှင့် ချိုချွန်ဂီလ် (ယာ)

အေအက်ဖ်ပီ (ဆိုးလ်)။ ။ တောင်ကိုရီးယားအတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု မြောက်ကိုရီးယားတွင် အဖမ်းခံထားရပြီး တရားခွင်ကို စောင့်နေသော တောင်ကိုရီးယား နိြင်ငံသား နှစ်ဦးက ပြောကြားလိုက်သည်။ ၎င်းတို့က မြောက်ကိုရီးယား အစောင့်အရှောက်အောက်တွင် စီအင်န်အင်န်နှင့် ပြုလုပ်သော အင်တာဗျူးနှင့် ဝန်ခံပြောကြားလိုက်ခြင်း ဖြစ်သည်။

မေ ၃ ရက်က ပြုံယမ်းဟိုတယ် တစ်ခုတွင် အခန်းသီးခြားစီခွဲ၍ တွေ့ဆုံမေးမြန်းခဲ့ရသော တောင်ကိုရီးယား နှစ်ဦး၏ ပြောကြားချက်များကို လွတ်လပ်စွာအတည် မပြုနိုင်ကြောင်း စီအင်န်အင်န်ကဆိုသည်။ ကင်ကွတ်ဂီနှင့် ချိုချွန်ဂီလ်တို့က ၎င်းတို့မှာ မည်သို့ပြောမည်ဆိုသည်နှင့် ပတ်သက်၍ အကျပ်ကိုင်ခံရခြင်းမရှိ ဟုပြော ကြားခဲ့သော်လည်း ၎င်းတို့၏ ပြောကြားချက်များမှာ ထူးထူး တူညီနေသည်ဟု စီအင်န်အင်န်က ဖော်ပြခဲ့သည်။

ယခင်ကလည်းမြောက်ကိုရီးယားတွင် ဖမ်းဆီးခံရသော နိုင်ငံခြားသားများသည် အမှားအယွင်းလုပ်ကြောင်း ဝန်ခံလေ့ရှိသော်လည်း လွှတ်ပေး၍ အိမ်ပြန်ရောက် သည်နှင့် ၎င်းတို့၏ ဝန်ခံချက်များကို ရုပ်သိမ်းလေ့ရှိသည်။ ကင်နှင့် ချိုတို့ကို မတ်လက ဖမ်းဆီးခဲ့ပြီး ၎င်းတို့သည် တရုတ်နယ်စပ်မြို့ တန်းတောင်ရှိ အခြေစိုက် စခန်း တစ်ခုမှနေ၍ လှုပ်ရှားနေသော ကြောက်မက်ဖွယ် အကြမ်းဖက်သမားများ ဖြစ်သည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။

ဖမ်းမိထားသော တောင်ကိုရီးယားနှစ်ဦးသည် အမေရိကန် ထောက်လှမ်းရေးနှင့် တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး NIS တို့ စီစဉ်သော မြောက်ကိုရီးယားအပေါ် ဆင်နွှဲသော အမည်ဖျက်စစ်ဆင်ရေးကို ဆောင်ရွက်နေသူများဖြစ်သည်ဟု စွပ်စွဲခံထားရသည်။ တောင်ကိုရီးယား ထောက်လှမ်းရေးအတွက် အဆိုပါ အမျိုးသားနှစ်ဦးက အလုပ်လုပ်ပေးနေသည်ဆိုသည့် စွဲချက်မှာ လုံးဝ အခြေအမြစ်မရှိကြောင်း NIS က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ် အလုပ်လုပ်နေစဉ် မြောက်ကိုရီးယားမှ သတင်းအချက်အလက် စုဆောင်းရန် NIS က ၎င်း အား ချဉ်းကပ်ခဲ့သည်ဟု အသက် ၅၆ နှစ်အရွယ် ချိုက စီအင်န်အင်န်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အဖမ်းမခံရမီအထိ တောင်ကိုရီးယားအတွက် သုံးနှစ်ကြာ သူလျှိုလုပ်ပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိ ကင်ကလည်း၎င်းသည် NIS ၏ လူသစ်စုဆောင်းခံရသူ သာသနာပြု တစ်ဦးဖြစ်ပြီး သတင်းအချက်အလက်နှင့် မြောက်ကိုရီးယား ငွေစက္ကူသစ်များ စုဆောင်းပေးခြင်း အတွက် ငွေရရှိ သည်ဟု ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး အပေါ်စွပ်စွဲချက်များအရ ကြီးလေးသော ထောင်ဒဏ်နှင့် ရင်ဆိုင်ရနိုင်သည်။ လွန်ခဲ့သည့်နှစ်ကလည်း တောင်ကိုရီးယား သာသနာပြု တစ်ဦး သူလျှိုလုပ်မှုနှင့် တရားမဝင် ဘုရားရှိခိုးကျောင်း တည်ဆောက်မှုဖြင့် တရားခွင်စစ်ဆေးပြီးနောက် အလုပ်ကြမ်းနှင့် ထောင်တစ်သက် ချမှတ်ခံခဲ့ရသည်။

ဖမ်းဆီးခံနှစ်ယောက်စလုံးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို ချီးမွမ်းခဲ့ကြပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်သည်ဆိုသည့် မကြာသေးခင်က ကုလမစ်ရှင် တစ်ခု၏ တွေ့ရှိချက်များကိုလည်း ၎င်းတို့က စိန်ခေါ်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly