ရေးမြို့နယ်တွင် စကခ (၁၉) လှည့်ကင်းအား ရေးဘီလူးအဖွဲ့ ပစ်ခတ်

By ဂျူချန်း (မဇ္ဈိမ)
28 June 2023
ရေးမြို့နယ်တွင် စကခ (၁၉) လှည့်ကင်းအား ရေးဘီလူးအဖွဲ့ ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာတွင် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှထွက်လာသည့် လှည့်ကင်းယာဉ်ကို ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲက ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား ၁၅ ဦးလိုက်ပါလာသည့် ကင်းလှည့်ယာဉ်ကို ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကဆိုသည်။

“ကလော့ကြီးရွာထိပ်မှာ ဝင်ပစ်တာ။ ကျောင်းကားမလာခင် နယ်မြေရှင်းလင်းတဲ့ပုံစံမျိုးနဲ့ ရွာထဲကို ရှေ့ပွိုင့်ကားနဲ့လာတာ။ အဲ့ဒီပွိုင့်ကားကိုပစ်တာ။ ကားထဲမှာ ငါးယောက်ကျတယ်။ ကားထဲမှာ ၁၅ ယောက် လောက်ပါတယ်။ ဒဏ်ရာရလည်း ရှိမယ်။ ဒဏ်ရာရကိုတော့ ကျနော်တို့ ကောင်းကောင်း အတည်မပြု နိုင်ဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမသို့ပြောသည်။

စစ်တပ်ကျောင်းကြိုပို့သည့် ကျောင်းကားမလာခင် လုံခြုံရေးလမ်းရှင်းသည့်အနေအဖြစ် ကင်းလှည့်လေ့ ရှိပြီး အဆိုပါကင်းလှည့်သည့်ကားပေါ်တွင်ပါသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အရပ်သား နှင့် ကလေး ထိခိုက်မှုမရှိကြောင်း ဆိုသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်မည်ဟုပြောဆိုပြီးသည့်နောက် စစ်ဆင်ရေးများ ဆက် တိုက်လုပ်ဆောင်လာရာ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ကလော့ကြီးကျေးရွာနှင့် ကပ်လျှက် ချောင်း တောင်ကျေးရွာရှိ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကိုလည်း သွားရောက်ပစ်ခတ်ခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly