လောင်းလုံးမှာ ရဲကား တိုက်ခိုက်ခံရ၊ စခန်းမှုးအပါဝင်ရဲ ၂ ဦး သေဆုံး

By ကိုရွှေမြိတ်(မဇ္ဈိမ)
26 June 2023
လောင်းလုံးမှာ ရဲကား တိုက်ခိုက်ခံရ၊ စခန်းမှုးအပါဝင်ရဲ ၂ ဦး သေဆုံး
Photo - ရဲတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့်ကားအား တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်

လောင်းလုံးမြို့နယ်၊မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ  ယာယီရဲစခန်းမှူးအပါအဝင် ရဲနှစ်ဦး သေဆုံးပြီး  နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မောင်းမကန်ရဲစခန်းမှ ယာယီစခန်းမှူးဒုရဲအုပ် စစ်အောင်သူထွန်းဦးဆောင်သော ရဲတပ်ဖွဲ့ကို မောင်းမကန်ရွာအနီးတွင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင်  တိုက်ခိုက်ခဲ့ခြင်းဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF)က သတင်းထုတ်ပြန်ထားသည်။ 

"ကင်းပတ်ပြီးအပြန် ရဲစခန်း အတွင်းထဲကို ပြန်ဝင်ခါနီးကြားဖြတ်ပစ်ခတ်ခဲ့တာပါ။ လက်နက်ငယ်နဲ့ ကားခေါင်း အရှေ့ပိုင်းကို တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့။ ကားပါမှောက်သွားတယ်။ကားခေါင်းက နှစ်ယောက်လုံးသေသွားတယ်"ဟု LLPDF  တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒုရဲအုပ်စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ပွဲချင်း‌ပြီး သေဆုံးပြီး နောက်ထပ် ရဲနှစ်ဦးလည်း ဒဏ်ရာရသည်ဟုLLPDF ၏ ဇွန်လ ၂၄ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရဲကားကို တိုက်ခိုက်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့(YP-PDF)နှင့် LLPDF  ပူးပေါင်းကာ  မောင်းမကန်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ပြီး စခန်းအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။ ထို့နောက် စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် မောင်းမကန်ရွာကို စစ်ကြောင်းထိုးကာ  ဒေသခံအမျိုးသား တစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လတ်တ‌လောတွင် လောင်းလုံမြို့နယ်အတွင်း စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင်ကမြောကြီးရွာ ဈေးအနီးရှိ တံတားနံဘေး၌  မိုင်းတွေ့သည်ဟုဆိုကာ  စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တံတားကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ တနင်္သာရီတိုင်းအတွင်း စစ်ရေးအရှ်ိန်မြင့်နေ၍ ဒေသခံများ လုံခြုံရေးသတိရှိကြရန် တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံက သတိပေးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly