ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်မှု ၅ ဦးသေဆုံးဟုဆို

By MTO (မဇ္စျိမ)
07 December 2023
ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်မှု ၅ ဦးသေဆုံးဟုဆို
ပုံအညွှန်း - Fire Dragon (KU) အဖွဲ့ ဝင်များကို တွေ့ ရစဉ်

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊မြင်းစီးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း Fire Dragon (KU) အဖွဲ့ ကသတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအပါအဝင် အင်အား ၂၈ ဦးပါ စစ်ကြောင်းကို မြင်းစီးရွာနှင့်ကံသာကုန်းကျေးရွာကြားတွင် ဒီဇင်ဘာလ ၅ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က တိုက်ခိုက်ခဲ့ခြင်းဟု  Fire Dragon (KU) အဖွဲ့ ခေါင်းဆောင် ဗိုလ်ပြောက်ကြီးက ပြောသည်။

“ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က ရဲသုံးဦးနဲ့ ပန်းရဲရွာက ပျူနှစ်ဦးသေတယ်လို့ သိထားတယ်။ အလောင်းတွေကို ကားနဲ့ လာသယ်သွားတယ်” ဟုဗိုလ်ပြောက်ကြီးက ပြောသည်။ 

စစ်ကောင်စီစစ်‌ကြောင်းဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်း Fire Dragon (KU) အဖွဲ့၏ ယမန်နေ့ ဒီဇင်ဘာလ ၇ရက်က  သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြင်းစီးကျေးရွာမှ ရွှေဘိုမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သွားရောက်စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဟုသိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ တိုက်ခိုက်မှုကို  ONEDAY REVOLUTION FORCE (Shawe Bo)၊ ရွှေဘိုခရိုင် တပ်ရင်း(၄)၊ရွှေဘိုမြို့နယ်မြေခံပကဖ များနှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Fire Dragon (KU) အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly