မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်တွင် လုံခြုံရေးယူ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။
“ရေးမြို့လယ် ရွှေဆံတော်ဘုရားနဲ့ မီတာ ၁၀၀ အကွာမှာရှိတဲ့ ဘဏ်လုံခြုံရေးအစောင့်တွေကို ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ ပြည်သူတွေမထိအောင် အသွားအလာရှင်းတဲ့အချိန်မှာ အကောင်အထည်ဖော်ခဲ့တာ”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုပြုလုပ်ချိန်တွင် ဘဏ်အပြင်ဘက် ကတုတ်ကျင်းတွင် စစ်ကောင်စီတပ်သား သုံးဦးနှင့် ဘဏ်အတွင်းစစ်ကောင်စီတပ်သားနှစ်ဦးခန့်ရှိပြီး တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ငါးဦးထိမှန်ခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
“တပ်ကြပ်ကြီးတဦးပါမယ်။ နောက်ပြီးတော့ ပျူစစ်သားနှစ်ဦးပါမယ်။ အမှတ်(၁၉)က လက်အောက်ခံတွေ ပဲပေါ့” ဟု ၎င်းကပြောသည်။ တိုက်ခိုက်မှုအပြီးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
“ဘဏ်ကတံခါးပိတ်ထားတော့ အပြင်မှာရှိနေတဲ့ နှစ်ယောက်ကို ထိသွားတယ်။ တစ်ယောက်ကတော့ ထိထိချင်းမှာဆုံးသွားပြီး နောက်တယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ရေးမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရေးမြို့လယ်ရှိ ရွှေဈေးမှ ရွှေဆိုင်များအပါအဝင် ဈေးဆိုင်များ ပိတ်သိမ်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက မြို့အဝင်အထွက်တွင် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်ကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆) တပ်ရင်းကို အမည်မသိလက်နက်ကိုင်လေးဦးက လာရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
ရုပ်သံ- ရေးမြို့၊ မြဝတီဘဏ်အား ရေးဘီလူးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်စဉ် (ပေးပို့)