စစ်ကောင်စီကင်းပုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

By ဂျူချန်း (မဇ္ဈိမ)
05 April 2023
စစ်ကောင်စီကင်းပုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊  အာယုတောင်ရွာနှင့် တောင်စွန်းရွာကြားရှိ စစ်ကောင်စီ ကင်ပုန်းစခန်းတစ်ခုကို ရေးဘီလူးအဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့စစ်တစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရသည်။

ထိုစစ်ကောင်စီ ကင်းပုန်းစခန်းကို  ဧပြီလ ၄ရက်နေ့ နံနက် ၂နာရီ ဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  သေဆုံးသူ စစ်သား နှစ်ဦးနှင့် ဖမ်းမိသူတစ်ဦးမှအပ  အခြားစစ်ကောင်စီတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“အရင်တစ်ခေါက်က ကျွန်တော်တို့ လမ်းခုလတ်မှာ စောင့်ပစ်ခံထိတဲ့နေရာက ကင်းပုန်းကို သွားပစ်တယ်ပေ့ါနော်။ ကျန်တဲ့ သေနတ်မထိတဲ့ ကင်းပုန်းတွေကတော့ ထွက်ပြေးတယ်။ အဲ့ထဲက တစ်ဦးကတော့ ကင်းထဲမှာ မူးနေတော့ ဖမ်းမိသွားတာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် အခြားကင်းပုန်းများရှိသဖြင့် လက်နက်များ မရယူနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဖမ်းမိထားသည့် သူအား စစ်မေးနေကြောင်း ၎င်းက ဆိုသည်။“နောက်ထပ်နှစ်ယောက်လောက် ကျွန်တော်တို့ ပစ်ချခဲ့တယ်။ ဒါပေမဲ့ ဂမ်း(သေနတ်) တွေ ယူဖို့တော့ အဆင်မပြေခဲ့ဘူး။ 

ကင်းပုန်းတွေ တစ်အားများတော့ ကျွန်တော်တို့ ပြန်ဆုတ်ခွာခဲ့တယ်။ အရှင်ဖမ်းမိတာတော့ ဒီတစ်ယောက်မိတယ်ပေါ့။ သူ့ဘက်ကလည်း ထွက်ဆိုပြီးပြီဆိုတော့ ကျွန်တော်တို့လည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ဖမ်းမိထားသူအား စစ်မေးချိန်တွင် ကိုလင်းဦးဆိုသူက ၎င်းအား တစ်ရက်လျှင် ကျပ် ၅၀,၀၀၀ ဖြင့် ခေါ်ယူထားသည်ဟု ဖြေဆိုပြီး  ကျန်မည်သည့်အချက်ကိုမှ မဖြေဆိုကြောင်း  ရေးဘီးလူးအဖွဲခေါင်းဆောင်က ဆိုသည်။

 ရေးမြို့နယ်၊ ကျောင်းရွာအနီးတွင် စစ်ကောင်စီသတင်းပေးဟု ဆိုသည့် ဦးလွင်မိုးအေးအား  ရေးဘီလူအဖွဲ့က မတ်လ ၁၅ ရက်က ပစ်ခတ်သည့် မစ်ရှင်ဆောင်ရွက်ခဲ့သည်။ ထိုမစ်ရှင်မှ ပြန်လာသည့် ရေးဘီလူးအဖွဲ့အား အဆိုပါ ကင်းပုန်းနေရာတွင် စစ်ကောင်စီတပ်က စောင့်ဆိုင်းပစ်ခတ်ခဲ့သည်။ ထိုစဥ်က  ရေးဘီလူးအဖွဲ့တွင် လက်နက်ခဲယမ်းကုန်သွားသဖြင့် တပ်ဆုတ်သည့်အချိန်တွင် ကားတစ်စီးကျန်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required