‌ရေးတွင် စစ်မှုထမ်း‌ဟောင်း ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
20 June 2023
‌ရေးတွင် စစ်မှုထမ်း‌ဟောင်း ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာမှ၌ စစ်ကောင်စီသတင်းပေးဆိုသူစစ်မှုထမ်း‌ဟောင်းဦးရဲဝင်းနိုင်အား ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၉နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင် ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

ဦးရဲဝင်းနိုင်ကို ကျောက်မိချောင်းကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ၉မမ သေနတ်ဖြင့် ၁၅ချက်အထိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောသည်။ဦးရဲဝင်းနိုင်သည် စစ်ကောင်စီသတင်းပေးဖြစ်ကြောင်း ဒေသခံများ၏ တိုင်ကြားချက်အား လက်ခံရရှိခဲ့ပြီး အချိန်ယူ စုံစမ်းအတည်ပြုပြီးမှ ပစ်ခတ်ရှင်းလင်းခြင်းဟု ၎င်းက
ဆိုသည်။

“သူက စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ သူက ဒီဇာတိမဟုတ်ဘူး။ စခ(စစ်ကောင်စီတပ်) နဲ့ပေါင်းပြီး သတင်းပေးတယ်။ ရွာသားတွေတိုင်ကြားချက်အရ ကျနော်တို့ သေချာ ခုနစ်လ၊ ရှစ်လ လောက်အချိန်ယူပြီးတော့ စုံစမ်းပြီးမှ၊ သေချာမှ ကျနော်တို့ ရှင်းလိုက်တာဖြစ်ပါတယ်" ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ 
 ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်ကလည်း  ကျောက်မိချောင်းကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးဝင်းမြင့်သည် ရေးဘီလူးအဖွဲ့၏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။  ထို့အပြင် ခေါဇာမြို့မစခန်းမှုးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နှင့်ရေးမြို့မစခန်းမှုးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ  သေဆုံးခဲ့သည်ဟု သိရသည်။

ရေးဘီလူးအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က  ပြောထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly