စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး တာဝန်ခံပြော 

By YT  ( မဇ္ဈိမ)
15 June 2023
စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး တာဝန်ခံပြော 

မွန်ပြည်နယ်၊ ရေးမြို့မှ အရပ်ဘက်ယာဥ်ငယ်များဖြင့် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား အမှတ် (၈) လမ်းမကြီးပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း J.O.C တောင်ပိုင်းတိုင်း အမှတ် (၃) စစ်ဒေသ၊ ဒု- စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

" ခမရ (၅၉၁)၊ (၅၈၆) ၊ (၅၈၇) ၊ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ထုတ်နုတ်အင်အားများသည် ကားခြောက်စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ စောင့်ကြိုပစ်ခတ်ခဲ့၍ ကားပေါ်ပါလာသော စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးဒဏ်ရခဲ့တယ်လို့ သိရပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် အရပ်ဘက်ကားအသေးခြောက်စီးခန့်ဖြင့် ရေးမြို့မှ စတင်ထွက်ခွာလာသော ခမရ (၅၉၁)၊ ခမရ (၅၈၆) ၊ ခမရ (၅၈၇) ၊ ခမရ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နှင့် မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့တို့မှ တပ်သားများအား ရေးမြို့နယ်၊ နှင်းစုံကျေးရွာနှင့် စံပြကျေးရွာအကြားရှိ ထီးမေဘောတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

" မိမိတို့ဘက်မှ ပစ်ခတ်မှုမှာ ငါးမိနစ်ခန့်သာ ကြာခဲ့ပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာလာချိန်တွင်မှ စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအား တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ (၃) မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အဆိုပါယာဉ်တန်း​၏ ကားနှစ်စီးမှာ ထိုးရပ်သွားခဲ့ပြီး ပစ်ခတ်ချိန် ငါးမိနစ်အတွင်း ထိုကားနှစ်စီးပေါ်တွင် ပါလာသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ( ၃ )ရဲဘော်များဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း မြိတ်မြို့၊ ထားဝယ်မြို့တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း(၂၇) တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။ 

အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်​၏ လက်နက်ခဲယမ်း၊ ရိက္ခာများအား သယ်ယူခြင်းမပြုရန်၊ စစ်ကောင်စီတပ်သားများနှင့် အတူစီးနင်းသွားလာခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပွားလာမည့်ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းဖော်ပြထားသည်။ 

အဆိုပါ အမှတ် (၈) လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly