စိန်ပေါလ် အထက်တန်းကျောင်းဟု လူသိများတဲ့ အ.ထ.က(၆) ဗိုလ်တထောင်တွင် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်

စိန်ပေါလ် အထက်တန်းကျောင်းဟု လူသိများတဲ့ အ.ထ.က(၆) ဗိုလ်တထောင်တွင် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်
အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခဲ့တဲ့ စိန်ပေါလ် အထက်တန်းကျောင်း။ (ဓာတ်ပုံ - Yangon Heritage Trust)

သမိုင်းဝင် နာမည်ကျော်ကြားတဲ့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းမှာ ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ ၁၇ ခုမြောက် ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြားကို မတ် ၂ ရက်က တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်းဟာ ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ လုပ်ဆောင်နေတဲ့  စီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်မြို့ပြ သမိုင်းကြောင်းမှာ အရေးပါခဲ့တဲ့ အဆောက်အအုံများနှင့် လူပုဂ္ဂိုလ်များအား အထိမ်းအမှတ်ပြုရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

ယခုကဲ့သို့အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်ခြင်းဖြင့် ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းကို အသက်အရွယ် မရွေး နယ်ပယ်စုံမှ ပြည်သူများနှင့် ခရီးသွားများ လေ့လာနိုင်မယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ယုံကြည်ထားပါတယ်။

ယခင်က စိန်ပေါလ် အထက်တန်းကျောင်းလို့ လူသိများခဲ့တဲ့ အဆိုပါကျောင်းဟာ ရန်ကုန်မြို့ရှိ သက်တမ်း အရင့်ဆုံး ကျောင်းများအနက် တစ်ခု ဖြစ်ပြီး အနော်ရထာလမ်း နှင့် သိမ်ဖြူ လမ်းထောင့်မှာ တည်ရှိပါတယ်။

စိန်ပေါလ်ကျောင်းမှ ထင်ရှားတဲ့ ကျောင်းသားဟောင်းများအနက် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ကျောင်းရှေ့ဝန်ကြီးများရုံးမှာ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည် တစ်ဦးဖြစ်တဲ့ ဒီးဒုတ် ဦးဘချိုလည်း အပါအဝင် ဖြစ်ပါတယ်။

YHT ရဲ့ တည်ထောင်သူနှင့် ဥက္ကဌ ဒေါက်တာ သန်းမြင့်ဦးက ရန်ကုန်မြို့ရဲ့ ခမ်းနားတဲ့ ပညာရေးဆိုင်ရာ သမိုင်းကြောင်းကို "ရန်ကုန်မြို့မှာ စာသင်ကြားမှု၊ သင်ယူမှုဆိုင်ရာ ဂုဏ်ယူဖွယ် သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ မြန်မာမှာရော ကမ္ဘာမှာပါ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ ပညာတော်သင်တွေကို ရန်ကုန်မြို့က မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ စိန်ပေါလ်ကျောင်းဟာလည်း ကျောင်းစတည်ထောင်တည်းကပင် ထိပ်တန်းကျောင်းများထဲက တစ်ခုအဖြစ် ရပ်တည်နေပြီး ဒီနေ့ ဒီကျောင်းကို အထင်ကရ အမွေအနှစ်အဖြစ် ဂုဏ်ပြုရတဲ့အတွက် ဝမ်းမြောက်မိပါတယ်"လို့ ပြောပါတယ်။

မူလ စိန်ပေါလ် အထက်တန်းကျောင်းကို မြန်မာနိုင်ငံမှာ ပညာရေးနှင့် ခရစ်ယာန်သာသာနာ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ ဘုန်းတော်ကြီး ပေါလ်ဘီဂန်းဒက် (Paul Bigandet) က ကိုလ်ကတ္တား (ယခင် ကာလကတ္တား) က ဒီလာဆဲလ် De La Salle Brothers တို့ရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့ပါတယ်။

ဒီလာဆဲလ် ညီအစ်ကိုများက ၁၈၉၀ ခုနှစ်၊ ဧပြီလမှာ မော်လမြိုင်မြို့မှာ စိန်ပက်ထရစ်ကျောင်းကို ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ဆီ ပြောင်းရွှေ့လာပြီး စိန်ပေါလ် ယောက်ျားလေးကျောင်းကို ဘုန်းတော်ကြီး ဘီဂန်းဒက်ရဲ့ နေအိမ်အနီး ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း)မှာ သစ်သားကျောင်းဆောင်ငယ်အဖြစ် စတင် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားများ တစ်စတစ်စ တိုးပွားလာခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် လက်ရှိနေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၀၀ နှင့် ၁၉၀၈ ခုနှစ်ကြားမှာ ထိုခေတ်က နာမည်ကျော် ဗိသုကာ Thomas Swales က ပုံစံရေးဆွဲပေးတဲ့ တိုးချဲ့ဆောင်၂ ခုကို  တည်ဆောက်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှာ စာသင်ဆောင်နှင့် ထမင်းစားဆောင်တို့ကို ထပ်မံ တိုးချဲ့ခဲ့ပါတယ်။

စိန်ပေါလ်အထက်တန်းကျောင်းကို ၁၉၆၅ ခုနှစ်မှာ ဆိုရှယ်လစ်အစိုးရက ပြည်သူပိုင် သိမ်းယူခဲ့ရပြီးနောက် အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၆) ဗိုလ်တထောင်အဖြစ် အမည်ပြောင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကမ္ဗည်းပြားတပ်ဆင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင်နေရာများအား လေ့လာခြင်း၊ ကမ္ဗည်းပြားများ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက် Royal Philips Corporation က အမေရိကန် ဒေါ်လာ ၇၅,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Source: Yangon Heritage Trust

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required