မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးသည်ဟု မဟာမိတ်ညီနောင်အဖွဲ့က ယနေ့အောက်တိုဘာလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
"လေးလုံးတွဲပဒေသာမိုင်းပါ။ နှစ်ယောက်သေတယ်လို့ ဖရဲသီးသတင်းပေးချက်အရ သိထားတယ်။ မိုင်းဆွဲတဲ့အချိန်က သူတို့ကဘက်ကလမ်းတလျှောက် ပစ်ခတ်တာရှိပေမယ့် ကျွန်တော်တို့ဘက်က အထိအခိုက်မရှိပါဘူး"ဟု Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္စျိမကိုပြောသည်။
နွားထိုးကြီးမြို့မှ မြင်းခြံမြို့သို့ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ဝန်းကျင်လိုက်ပါလာသော 4-Wheelကား အမျိုးအစား ယာဥ်နှစ်စီးအား ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီအချိန်ခန့်တွင် ကံရွာအနောက်ဘက်လမ်း၌ Myingyan Black Tiger (MBT)၊MDY-PDF -ခရိုင်တပ်ရင်း(၃) နှင့် Natogyi Regional Defence Force တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မိုင်းဆွဲတိုက်ခိုက်သည့်နေရာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့် ရောက်ရှိနေသဖြင့် ညီနောင်ရဲဘော်များတိမ်းရှောင်နေရကြောင်း ဗိုလ်မိုက်ခဲ၏အဆိုအရ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#နွားထိုးကြီးမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်