YP Petrol စက်သုံးဆီဆိုင် မြေအမှု ၂ ခု နှင့် သင်္ကာမကင်းဖွယ်ရာ ပဟေဠိ

YP Petrol စက်သုံးဆီဆိုင် မြေအမှု ၂ ခု နှင့် သင်္ကာမကင်းဖွယ်ရာ ပဟေဠိ

 Whistleblower

ကြေးမုံသတင်းစာ၏ ကြော်ငြာကဏ္ဍတွင် အောက်တိုဘာ ၅ ရက်နေ့၊ ၂၀၂၃ ခုနှစ်က "အသိပေး ကြေညာခြင်း” ဆိုပြီး ကြော်ငြာတပုဒ်ပါလာသည်။  

“Yangon Petrol Co., Ltd (YP) အနေဖြင့် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရောင်းချရန် အတွက် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက် (၆၂)၊ မြေကွက်အမှတ် (၁) ၊ ဂရန်စာအုပ် အမှတ် - A 0037058 A ၊ ဧရိယာ (၆၃.၈၉၅) ဧက၊ အမည်ပေါက် Golden Star Land Co., Ltd မြေနေရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေ စီမံခန့်ခွဲမှုဌာနမှ နှစ် ၆၀ မြေဌားစာချုပ် (ဂရန်) ထုတ်ပေးထားမှု နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ပယ်ဖျက်ပြီး ဖြစ်ပါကြောင်း နှင့် Yangon Petrol Co., Ltd (YP) မှ လုံလောက်သော ခုခံချေပခွင့်ပြုကြောင်း အသိပေး ကြေညာအပ်ပါသည်။” ဟူ၍ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) က YP Petrol စက်သုံးဆီဆိုင် မြေ‌ဧရိယာ နှင့်ပတ်သတ်ပြီး မေလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်က တိုင်ချက်ဖွင့် တရားစွဲစွဲစဉ်က မြေဧရိယာ ငါးဧကကျော် နှင့် မြေဧရိယာ ၆၃ ဧကကျော်ဆိုသည့် အမှု နှစ် မှု ပါရှိကြောင်း (ပုံ-၁) ပါအတိုင်း တွေ့ရှိခဲ့ရသော်လည်း၊ ထို မြေအမှု နှစ် မှု အနက် အမှုဖွင့်ပြီး ၁၇ လ အကြာတွင်တော့ မြေ ၆၃ ဧကကျော် တ ခုတည်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ဂရန်ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်က ထူးဆန်းနေသည်။  
 
ပထမ မြေဧရိယာ ငါးဧကကျော် နှင့် ပတ်သက်ပြီး၊ ဂရန်ပယ်ဖျက်ကြောင်း ကြေငြာခြင်းကို ယခင် ကတည်းက လူမသိအောင်ကြေညာထား၍များလား။ သေချာတာကတော့ YCDC ကြေငြာချက်တွင် တစွန်းတစမျှပါမလာ။ အဂတိလိုက်စားမှုကော်မရှင်၏ဆောင်ရွက်မှုက  သင်္ကာမကင်းဖွယ်ရာဖြစ်သည်။  
 
YP Petrol စက်သုံးဆီဆိုင် မြေကိစ္စနှင့် ပတ်သက်ပြီး အဂတိမှုဖြင့် အရေးယူခဲ့တဲ့ ပြစ်မှု ဖြစ်စဉ်ကို အကြမ်းဖျင်း ပြန်လှန် ဆက်စပ်ကြည့်လျှင် ယခုကဲ့သို့တွေ့ရပေမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် တာဝန်ရှိသူများ ကို စစ်ကောင်စီလက်ထက်တွင် အဂတိမှုဖြင့် အရေးယူခဲ့သည်။ ACC ရဲ့ ဝက်ဘ်ဆိုက်နှင့်လူမှုမီဒီယာ ဖေ့ဘွတ်တွင် ထိုသို့ အရေးယူရာတွင် YP Petrol စက်သုံးဆီဆိုင် မြေအမှု ခေါင်းစဉ်နှင့် ပတ်သက်သော အကြောင်းအရာကတော့  အောက်ပါအတိုင်း တွေ့ရှိရပေသည် - (ပုံ - ၂)

ခေါင်းစဉ်က “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ဦးဇင်မင်းအောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ” ဟူ၍ဖြစ်သည်။

မြေဧရိယာ ငါးဧကကျော် အမှုတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ (YP Petrol Co.,) ၏ စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ် မြို့နယ်အတွင်းရှိ မြေကွက် နှစ်ကွက် ငါးဧက ကျော်အား ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ် ၆၀ မြေငှားစာချုပ် ဂရန်ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ် ဈေးနှုန်း တစ်စတုရန်းပေလျှင် ငွေကျပ် ၂၀၀၀၀ ခန့်နှုန်းဖြင့် တွက်ချက်ခြင်း မပြုဘဲ တစ်စတုရန်းပေ လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ် သန်း ၄၂၀၀ ကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

မြေဧရိယာ ၆၃ ဧကကျော် အမှုတွင်တော့ “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ (YP Petrol Co.,) ၏ စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဈေးနှုန်း သက်သာစွာဖြင့် ခွင့်ပြုခဲ့တဲ့ ဒဂုံမြို့သစ်မြို့နယ် အတွင်းရှိ မြေဧရိယာ ၆၃ ဧက ကျော်အား   ၂၀၁၉ ခုနှစ်အတွင်း နှစ် ၆၀ မြေငှားဂရန် ထုတ်ပေးခဲ့ရာတွင် ပြည်တွင်း အခွန်များဦးစီး ဌာန၏ သတ်မှတ်ဈေးနှုန်း တဧကလျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် အနေဖြင့် ငွေကျပ်သန်း ၈၀၀ ကျော် နစ်နာ ခဲ့ကြောင်း၊ ထို့ပြင် ၎င်းဖက်စပ် ကုမ္ပဏီပိုင် မြေအား ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အမည်ဖြင့် ဂရန်ပြောင်းလဲပေးရန် ခွင့်ပြုခဲ့ပြီး၊ ၎င်းက အခြားပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ ကျပ်သန်း ၆၅၇၀ ဖြင့် ပြန်လည် ရောင်းချခဲ့ ခြင်းကြောင့် အဆိုပါမြေ ၆၃ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း” ဖေါ်ပြပါရှိခဲ့သည်။

မြေအမှုနှစ်ခုအတွက်ကျောက်တံတား မြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

YP Petrol ကုမ္ပဏီ ဒါရိုက်တာ ငါးဦး အနက်၊ ဒါရိုက်တာ တဦး ဖြစ်သူ ဦး‌ဇင်မင်းအောင် က ၎င်း၏ အမည်ဖြင့် ဂရန်လျှောက်ထားပြီး၊ ထပ်ဆင့် လွှဲပြောင်းရောင်းချ ခဲ့‌ခြင်းကြောင့် ဦးဇင်မင်းအောင်ကို တရားရုံးက အရေးယူကာ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်ဟု နားလည်ထားသည်။

သို့ပါသော်လည်း အောက်တိုဘာ ၅ ရက်က ကြေးမုံကြေညာချက်တွင် မြေဧရိယာ ၆၃ ဧကကျော် အမှု တခုတည်းကိုသာ YCDC က နှစ် ၆၀ ဂရန် ပယ်ဖျက်ကြောင်း ဖေါ်ပြခဲ့ခြင်းသည် သံသယဖြစ်ဖွယ်ဖြစ်နေပါတော့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဇူလိုင်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်ထိ အဂတိ လိုက်စားမှုများကို တိုင်တန်းမှုများအရ စိစစ် ဖော်ထုတ်ပြီး တရားစွဲတင်ပို့ခဲ့သည့် ရာဇဝတ်ကြီးအမှု ၁၈၆ မှု နှင့် ရာဇဝတ် အထွေထွေမှု ၄၅ မှု ရှိခဲ့ဟု သိရှိခဲ့ရသည်။

NLD လက်ထက် အဂတိလိုက်စားမှုတွေကို အရေးယူမှု ပြုလုပ်နေစဉ်မှာပင်၊ စစ်ကောင်စီ ခန့်အပ်တာဝန်ပေးခဲ့တဲ့ တာဝန်ရှိသူများက  မြေယာကိစ္စ အပါအဝင် အခြားအကြောင်းများဖြင့်  ထပ်မံပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်ခဲ့သဖြင့် ထပ်မံအရေးယူခဲ့တာတွေလည်းရှိခဲ့သည်။
 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာ ထူးခြားချက်တခုရှိသည်။ အဂတိ ဥပဒေ၏ တရားစွဲ လုပ်ငန်းစဉ် နှင့် အမိန့်ချမှတ်သည့် လုပ်ငန်းစဉ်ကို ပြန်ကြည့်လျှင် တရားရုံး အမိန့် နှင့် ကော်မရှင် အမိန့် ဟူ၍ နှစ်မျိုးဟူ၍ရှိသည်။

(က)     လူပုဂ္ဂိုလ်ကိုသာ တရားရုံးက စီရင်ချက် အမိန့် ချမှတ်နိုင်

အဂတိမှု ကျူးလွန်းကြောင်း စစ်ဆေးပေါ်ပေါက်လို့ သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး၊ တရားစွဲဆို အရေးယူနိုင်ရေး စတင်ဆောင်ရွက်ရပါမည်။  ရဲစခန်း မှတဆင့် သက်ဆိုင်ရာ တရားရုံးတွင် ရုံးတင်စစ်ဆေးပြီး၊ တရားရုံးက အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို  ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ (လူပုဂ္ဂိုလ်ကိုသာ တရားရုံးမှ စီရင်ချက် အမိန့် ချမှတ်နိုင်သည်။)

(ခ)     ငွေကြေးနှင့် ပစ္စည်းကိုသာ အဂတိ ကော်မရှင်က အမိန့်ချမှတ်နိုင်

သို့သော် အဂတိ လိုက်စားမှုဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ဖြစ်ကြောင်း သက်သေထင်ရှား ပေါ်ပေါက်လျှင် အဂတိ ဥပဒေ ပုဒ်မ ၅၃ (က) နှင့် နည်းဥပဒေ ပုဒ်မ ၄၃ (ခ) အရ အဆိုပါ ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသည့် အမိန့်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ချမှတ်ရသည်။  

ထို့အတူ လုပ်ပိုင်ခွင့် အာဏာရှိသူ၏ အဂတိ လိုက်စားမှုကြောင့် “နိုင်ငံတော် နစ်နာ ဆုံးရှုံးမှု”  ၊  “နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံး စေခြင်း” ဖြစ်ပေါ်ခဲ့လျှင် ဆုံးရှုံးခဲ့သည့် ငွေကြေး၊ ပစ္စည်း နှင့် ဆုံးရှုံးသည့် အရာကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ချမှတ်ရသည်။  
 
(ဂ)     နောက်ဆုံး အတည်ဖြစ်သည့် အမိန့်၊ စီရင်ချက်

သို့သော် နည်းဥပဒေ ပုဒ်မ ၄၃ (ဂ) အရ ဆောင်ရွက်ရာတွင် အဂတိ ဥပဒေ ပုဒ်မ ၅၅ သို့မဟုတ် ၅၆ သို့မဟုတ် ၅၇ အရ ပစ္စည်း သိမ်းဆည်းခြင်းခံရသူအား အဂတိလိုက်စားမှုဖြင့် တရားစွဲတင်ထားပြီး ဖြစ်ပါက သက်သေခံ ပစ္စည်း အဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသည့် အမိန့် ချမှတ်ခြင်း မပြုသေးဘဲ ဆိုင်းငံထားပြီး သက်ဆိုင်ရာ တရားရုံး၏ နောက်ဆုံး အတည်ဖြစ်သည့် အမိန့်၊ စီရင်ချက် နှင့်အညီ လိုအပ်သည့် အမိန့်ကို ကော်မရှင်က ချမှတ်ရမည်။
 
YP petrol စက်သုံးဆီဆိုင် မြေဧရိယာ နဲ့ ပတ်သက်ပြီး တနေ့တည်း အမှုဖွင့်တရားစွဲစဉ်က နှစ်မှုဖြစ်သော်လည်း၊ နှစ် ၆၀ ဂရန်ပယ်ဖျက်ကြောင်း YCDC က  ကြေညာတော့ အမှုတခု ပျောက်နေသည်။

မြေဧရိယာ ငါးဧကကျော် အမှု နှင့်ပတ်သတ်ပြီး မည်သည့်နေ့က ဂရန်ပယ်ဖျက်ပြီး ဖြစ်ပါသလဲ၊ မြေ ငါး ဧကကျော် အမှုကို ဂရန်ပယ်ဖျက်ပြီး ဖြစ်ခဲ့ပါက၊ မြေဧရိယာ ၆၃ ဧကကျော်ကို တရားစွဲဆိုသည့်နေ့မှ ၁၇ လအကြာ ယခုလကျမှ အဘယ်ကြောင့် ဂရန်ပယ်ဖျက်ခြင်း ကြေငြာခဲ့ပါသလဲ။ မေးခွန်းထုတ်စရာများဖြစ်သည်။
 
မေးခွန်း (၁)  အမှုကို အဂတိဥပဒေဖြင့် တရားစွဲပြီး၊ သက်ဆိုင်ရာ တရားရုံးကလည်း အမိန့်၊ စီရင်ချက် ပြစ်ဒဏ်ချပြီး ဖြစ်၏။ ယင်းနောက် တရားရုံး၏ နောက်ဆုံး အတည်ဖြစ်သည့် အမိန့်၊ စီရင်ချက် ချမှတ်ပြီးသည့် နေ့ရက် နှင့် နိုင်ငံတော် နစ်နာဆုံးရှုံးခဲ့သည့် မြေဧရိယာကိုလည်း အဂတိတိုက်ဖျက်ရေး ဥပဒေအရ ကော်မရှင်က ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသည့် နောက်ဆုံး အမိန့် ချမှတ်ခဲ့သည့် နေ့ရက် တို့ကို နှိုင်းယှဉ်ပြီး စစ်ဆေးရပေမည်။

မေးခွန်း (၂) တရားစွဲတင်သည့်နေ့နှင့် ဂရန်ပယ်ဖျက်သည့် နေ့အထိ အချိန်ကာလ ၁၇ လ ကြာသင့်ပါသလား။  

မေးခွန်း (၃) တရားရုံးစစ်ဆေးချက်တွင် ပြစ်မှုကျူးလွန်သည့် အကြောင်းအရာ  ကလည်း သေချာပြီး၊ သက်သေခံဖြစ်သော ငွေ၊ ပစ္စည်းများ ကလည်း အထောက်အထား ခိုင်လုံပါက တရားရုံး၏ စီရင်ချက် အပေါ် တရာခံက ဆက်လက် အယူခံဝင်ရာတွင် အထက်တရားရုံး  ဘယ်နှစ်ဆင့် အထိ အယူခံ‌ဝင်ခဲ့ပါသလဲ။
 
မေးခွန်း (၄) ထို့အတူ မြေဧရိယာ ငါးဧကကျော် အမှု နှင့် ပတ်သက်သော ဂရန် ပယ်ဖျက်မှု ဘယ်နေ့က ဆောင်ရွက်ခဲ့သလဲ၊ ဂရန် ပယ်ဖျက်ရန် ကျန်နေဆဲလား။

မေးခွန်း (၅) မြေ ငါးဧကကျော် အမှု ဂရန် ပယ်ဖျက်ပြီး ဖြစ်ပါက အဘယ့်ကြောင့် မြေ ၆၃ ဧကကျော် အမှုက ဂရန် ပယ်ဖျက်ရန် ကျန်နေခဲ့ရသလဲ။

မေးခွန်း (၆) အဂတိတရား (၄) ပါး ကင်းရှင်းမှု ရှိ/ မရှိ။
 
အမေးရှိပေမဲ့ အဖြေမရှိသေးသော ပုစ္ဆာဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly