ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ရန် ပါလီမန်၌ ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်မည်

ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ရန် ပါလီမန်၌ ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်မည်
Photo-AFP

ထိုင်းပါလီမန်သည် တိုးတက်ဝါဒီ ရှေ့သိုချီ ပါတီ၏ ခေါင်းဆောင် ဖိထာ လင်မ်ဂျရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်လား ဆိုသည့်အပေါ် ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌသစ်က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဖိထာ၏ ဒီမိုကရေစီ လိုလားသော ရှေ့သို့ချီ ပါတီ (MFP) သည် မေလ ၁၄ ရက် ရွေးကောက်ပွဲ၌ နေရာအများစု အနိုင်ရခဲ့သည် ဆိုသော်လည်း ယင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည်လား သို့မဟုတ် ဖိထာအနေဖြင့် နိုင်ငံကို ဦးဆောင်သွားနိုင်မည်လားဆိုသည်နှင့်ပတ်သက်ပြီး အာမခံချက် မရှိသေးပေ။

MFP သည် ရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံးရသည့် ဖျူထိုင်းပါတီ အပါအဝင် ပါတီ ရှစ်ပါတီ ပါဝင်သည့် ညွန့်ပေါင်းအုပ်စုတစ်စုကို ထူထောင်ထားသည်။ အဆိုပါ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၃၁၂ နေရာ ရှိသော်လည်း ဖိထာကို ဝန်ကြီးချုပ်ရာထူး ခန့်အပ်ရန် ပါလီမန် လွှတ်တော်နှစ်ရပ်စလုံး၌ လိုအပ်သည့် မဲ ၃၇၆ မဲကို ပြည့်မီခြင်း မရှိသေးပေ။

ဩဇာကြီးသော အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဇူလိုင် ၄ ရက်က ခန့်အပ်ခြင်းခံရသည့် ဝါရင့်ဥပဒေပြုအမတ် ဝမ် မိုဟာမက် နိုအာ မာသာသည် ဝန်ကြီးချုပ် ရွေးချယ်ရန် ဇူလိုင် ၁၃ ရက်၌ ပါလီမန် လွှတ်တော်နှစ်ရပ်၏ ပူးတွဲအစည်းအဝေးကို ကျင်းပရန် စီစဉ်ခဲ့သည်။

အကယ်၍ ဖိထာအနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် လုံလောက်သည့် ထောက်ခံမဲ မရပါက မည်သို့ ဆက်ဖြစ်မည်လဲ ဆိုပြီး မေးမြန်းသည့် မေးခွန်းကို ဝမ် နိုအာက “ကျွန်တော်တို့ ဝန်ကြီးချုပ်တစ်ဦး မရွေးချယ်နိုင်မချင်း မဲခွဲဆုံးဖြတ်သွားပါမယ်” ဟု ပြောသည်။

“တကယ်လို့ ထောက်ခံမဲ ၃၇၆ မဲ မပြည့်ဘူးဆိုရင် ကျွန်တော်တို့ နောက်ထပ်မဲခွဲမှုတွေ လုပ်သွားပါမယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

နိုင်ငံ၏ တော်ဝင် အသရေဖျက်မှု ဥပဒေများ ပြုပြင်ပြောင်းလဲရေး ပါတီ၏ အငြင်းပွားဖွယ်ရာ တောင်းဆိုမှုနှင့် စီးပွားရေးဆိုင်ရာ တစ်ဦးတည်း ချုပ်ကိုင်သော လုပ်ငန်းများကို ပြုပြင်ပြောင်းလဲမည့် အစီအစဉ်များကြောင့် MFP ပါတီသည် ရွေးကောက်ပွဲ အောင်ပွဲရပြီးနောက်ပိုင်း စစ်တပ် ခန့်အပ်သော အမတ် ၂၅၀ ဦး ရှိသည့် ဆိနိတ်လွှတ်တော်အတွင်းမှ အတိုက်အခံပြုမှုကို ရင်ဆိုင်ထားရသည်။

ညီညွတ်သော ထိုင်းအမျိုးသားပါတီကလည်း ၎င်းတို့အနေဖြင့် ဖိထာကို ယှဉ်ပြိုင်မည့် ပြိုင်ဘက် ကိုယ်စားလှယ်တစ်ဦး တင်သွင်းမည်လား ဆိုသည်ကို စဉ်းစားလျက်ရှိသည်ဟု ဇူလိုင် ၅ ရက်တွင် ပြောသည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့ပြီး ၂၀၁၉ ရွေးကောက်ပွဲနောက်ပိုင်း ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့သည့် လက်ရှိ ယာယီဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ပါတီသစ်အောက်တွင် ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းခဲ့သည်။

ပရာယွတ်အနေဖြင့် ဆိနိတ်မှ ထောက်ခံမှုနှင့်အတူ လူနည်းစုအစိုးရတစ်ရပ်အောက်တွင် ရာထူး၌ ဆက်ရှိနေရန်က ၎င်းအတွက် လုပ်ထုံးလုပ်နည်းအရ ဖြစ်နိုင်ခြေ ရှိသေးကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။

သို့သော် ယခု ရွေးကောက်ပွဲ ရလဒ်များသည် ပရာယွတ်နှင့် စစ်တပ်နှင့် ဆက်နွယ်သော ပါတီများ အုပ်စိုးမှုအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြင်းဆန်ပယ်ချကြောင်းကို ပြသနေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly