နိုင်ငံရေးမှ အနားယူပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

နိုင်ငံရေးမှ အနားယူပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ
Photo-EPA

ထိုင်းနိုင်ငံ၏ တာဝန်ယူထားဆဲ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုင်ငံရေးမှ အနားယူပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာသော်လည်း အစိုးရသစ် ဖွဲ့စည်းပြီးသည့်တိုင်အောင် နိုင်ငံ၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိသွားမည်ဟု ပြောဆိုသည်။

ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှု၌ တပ်အကြီးအကဲဖြစ်ခဲ့ပြီး အလွန်အငြင်းပွားမှု များခဲ့သော ၂၀၁၉ ရွေးကောက်ပွဲ၌ အာဏာခိုင်မြဲအောင် တည်ဆောက်ခဲ့သည့် ကာလရှည်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

စစ်တပ်နောက်ခံသော ပါတီများကို မဲပေးပြည်သူများက အပြတ်အသတ် ငြင်းပယ်ခဲ့သည့် မေလရွေးကောက်ပွဲနောက် နောက်တပ်မည့် ဝန်ကြီးချုပ်အတွက် ရွေးကောက်ရမည်ဖြစ်သော လွှတ်တော်၌ အဓိကမဲပေးမှုများ မတိုင်ခင် ပရာယွတ်က ကြေညာလာခြင်းလည်း ဖြစ်သည်။

“အခုကစလို့ ကျွန်တော်ဟာ UTN ပါတီအဖွဲ့ဝင်အဖြစ်ကနေ အနားယူပြီး နိုင်ငံရေးကနေ နုတ်ထွက်ပါတယ်”ဟု United Thai Nation (UTN) ပါတီ၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာက ထုတ်ပြန်ချက်၌ ၎င်းက ဆိုထားသည်။

မေရွေးကောက်ပွဲ မတိုင်ခင် သီတင်းပတ်အလို၌ ပရာယွတ်က ပါဝင်ခဲ့သော ထိုပါတီသည် မဲပေးသူများကို စည်းရုံးနိုင်မှု အားနည်းခဲ့ပြီး အတိုက်အခံ ရှေ့သို့ချီပါတီနှင့် ဖျူထိုင်းပါတီတို့ နောက်၌ ပဥ္စမနေရာသာ မဲရရှိခဲ့ခြင်း ဖြစ်သည်။

မဲပေးပြည်သူများက ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်နောက်ခံသော ဆယ်စုနှစ်နီးပါး အုပ်ချုပ်မှုကို ငြင်းပယ်ကြခြင်းကြောင့် အတိုက်အခံပါတီများသည် နိုင်ငံတစ်ဝန်း၌ ထောက်ခံမှု အများအပြား ရရှိခဲ့သည်။

ရှေ့သို့ချီပါတီက အာဏာပြည့်ဝသော တော်ဝင်မိသားစုကို ကာကွယ်ပေးထားသည့် ကြမ်းတမ်းသည့် ဥပဒေများကို ပြင်ဆင်မည်ဟု စိတ်ပိုင်းဖြတ်ထားခြင်းနှင့်အတူ မဲဆွယ်ပွဲများ၌ လူကြိုက်များမှု ရရှိခဲ့သည်။

ရှေ့သို့ချီပါတီအနေဖြင့် စိန်ခေါ်မှုများကို ရှောင်ရှားလိမ့်မည် မဟုတ်ကြောင်း အကြီးအကဲဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်က ပြောပြီး “ဘာပဲဖြစ်ဖြစ်နေနေ တော်ဝင်ဥပဒေ ပြုပြင်ပြောင်းလဲမှုကို ကျွန်တော်တို့ လုပ်ဆောင်သွားမယ်”ဟု ရွေးကောက်ပွဲည၌ သတင်းထောက်များအား ပြောခဲ့သည်။

“နိုင်ငံ၏ အဖွဲ့အစည်းများ၊ ဘာသာရေးနှင့် ဘုရင်တို့ကို” ကာကွယ်ရန် ပရာယွတ်က UTN ပါတီဝင်များကို တိုက်တွန်းခဲ့ကြောင်း ၎င်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပရာယွတ်အနေဖြင့် အစိုးရသစ် ဖွဲ့စည်းသည့်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိသွားမည်ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required