ဖိထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန် မဲ ၅ မဲပင် ရရှိလိမ့်မည်မဟုတ်ဟု လွှတ်တော်အမတ် ပြော

By Bangkok Post
29 June 2023
ဖိထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန် မဲ ၅ မဲပင် ရရှိလိမ့်မည်မဟုတ်ဟု လွှတ်တော်အမတ် ပြော
Photo-AFP

ရှေ့သို့ချီပါတီ (MFP) ၏ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်သည် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လွှတ်တော်ရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်၌ ထောက်ခံမဲ ငါးမဲပြည့်အောင်ပင် မရရှိနိုင်ဖွယ်ရှိသည်ဟု လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

မဲပေးရာတွင် လွှတ်တော်အမတ် ၂၅၀ ထံမှ မဲ ငါးမဲ သို့မဟုတ် ထိုထက်ပိုရရန် ဖိထာအနေဖြင့် ခက်ခံလိမ့်မည်ဟု နိုင်ငံရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူများ ပါဝင်မှုဆိုင်ရာ အထက်လွှတ်တော် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကစ်တီဆတ် ရတ်တန်နာဝါရာဟာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

စစ်အာဏာသိမ်းအစိုးရ ခန့်အပ်သော လွှတ်တော်အမတ် အများစုသည် ဖိထာအား ကန့်ကွက်မဲ သို့မဟုတ် မဲမပေးဘဲ နေရန် ဆုံးဖြတ်ကြလိမ့်ဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်မှုတွင် ဖိထာတစ်ဦးတည်း ကိုယ်စားလှယ်လောင်း ဖြစ်ဖွယ်မရှိဟု ထင်မြင်ကြောင်းလည်း ကစ်တီဆတ်က ဆိုသည်။

မဲပေးမှုကို ဇူလိုင် ၁၃ ရက်၌ ပြုလုပ်ဖြစ်ရန် ရှိသည်။

အောက်လွှတ်တော်တွင် အမတ်နေရာ ၂၅ မဲနှင့် အထက် အနိုင်ရသည့် မည်သည့်ပါတီမဆိုက ကိုယ်စားလှယ်လောင်း သုံးဦး အမည်စာရင်းတင်သွင်းနိုင်ခြင်း ဖြစ်သည်။

“နိုင်ငံဦးသျှောင်ဖြစ်တဲ့ ဘုရင်နဲ့အတူ ဒီမိုကရေစီဘက်ခြမ်းမှာ ကျွန်တော် ရပ်တည်တယ်”ဟု ကစ်တီဆတ်က ပြောသည်။

ရှေ့သို့ချီပါတီသည် တော်ဝင်ဥပဒေ သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန်အတွက် ဖိအားပေးသွားမည်ဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။ ယင်းကြောင့် ဖိထာအနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရေးတွင် လွှတ်တော်အမတ် အများစုက မထောက်ခံကြမည့် အဓိကအကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။

မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲ၌ အောက်လွှတ်တော် အမတ်နေရာ ၁၅၁ နေရာ အနိုင်ရခဲ့သော ရှေ့သို့ချီပါတီအနေဖြင့် ညွန့်ပေါင်းသစ် မဖွဲ့နိုင်ခဲ့ပါက အမတ်နေရာ ၁၄၁ မဲဖြင့် ဒုတိယမဲအများဆုံးအနိုင်ရသည့် ဖျူထိုင်းပါတီက နေရာယူပြီး ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။

သို့ရာတွင် အထက်လွှတ်တော်အနေဖြင့် အစိုးရသစ်ဖွဲ့ရေး စိုင်းပြင်းဆဲ အားထုတ်မှုများ၌ ကြားဝင်မစွက်ဖက်ဘဲ ရှင်းရှင်းလင်းလင်း ရပ်တည်နေကြောင်း ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.bangkokpost.com/thailand/politics/2601533/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required