စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုဆန့်ကျင်ရန် ကျေးရွာ ၂၀ ကျော်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆွေးနွေး

By ဂျူနို (မဇ္ဈိမ)
09 March 2023
စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုဆန့်ကျင်ရန် ကျေးရွာ ၂၀ ကျော်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆွေးနွေး

စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် အထွေထွေရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက် ကြောင်းနှင့် စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်၊ စစ်ရေးထွက်ပေါက်များကို တားဆီးပိတ်ပင်ရမည်ဖြစ် ကြောင်း မကွေးတိုင်းအတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုကို မကွေးတိုင်းအတွင်းမှ ကျေးရွာတစ်ရွာ၌ မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ဦးဆောင်ပါဝင်ခဲ့သော ပြည်သူ့ တော်လှန်ရေးတပ်ဦး (PRF) တာဝန်ရှိသူများက ပြောသည်။

ရွေးကောက်ပွဲ သပိတ်မှောက်သည့်ကိစ္စနှင့် ကန့်ကွက်ကြသည့်ကိစ္စတွင် ကျေးရွာတာဝန်ရှိသူများ အဓိက ဖြစ်သဖြင့် မြို့နယ် ပ.က.ဖ တာဝန်ခံ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ပ.အ.ဖ ၊ ပ.က.ဖ များကို ဖိတ်ခေါ် ၍ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၂၃ သြဂုတ်လရွေးကောက်ပွဲဟာ အထမြောက်လာရင် ၂၀၀၈ ခြေဥလည်း ပြန်လည် အသက်ဝင်သွား မှာ ဖြစ်သလို၊ စစ်အုပ်စုလည်း နိုင်ငံရေးအရ ထွက်ပေါက်ရသွားမှာဖြစ်တယ်။ စစ်အုပ်စုအနေနဲ့ နောက်ထပ် ခြေဥအသစ်တစ်ခုကို  ၂၀၀၈ ခြေဥအတွင်းကနေ ပြောင်းလဲပြင်ဆင်သွားနိုင်တဲ့အခြေအနေလည်း ရှိနေ တော့ ကျနော်တို့ကြိုးစားထားတဲ့ လမ်းကြောင်းပျက်စီးမသွားရအောင် ကျနော်တို့ဟာ ဒီအခြေအနေကို ဖြစ်မလာအောင် ကြိုးစားပြီး  တားဆီးကြရမှာဖြစ်ပါတယ်” ဟု PRF မှ ဗဟိုသတင်းနှင့် ပြန်ကြားရေး ဌာနတာဝန်ခံ ရဲဘော်လွန်းညီက မဇ္ဈိမကိုပြောသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး(ပခုက္ကူလှုပ်ရှားစစ်ဒေသ)၏ စစ်သုံးစစ် တိုက်ဖျက်ရေး အနိမ့်ဆုံးဘုံလုပ်ငန်း စဉ်အရ စစ်အုပ်စုကို ထွက်ပေါက်မပေးရေး ၊ စစ်အုပ်စုနှင့် စေ့စပ်ရေးအတွေးအခေါ်တိုက်ဖျက်ရေး ၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ စစ်အုပ်စုဖျက်သိမ်းရေး ၊ ဒီမိုကရေစီရရှိရေးနှင့်  ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးများကို လုပ်ဆောင်သွားဖြစ်ကြောင်း ဆိုသည်။

ယင်းအပြင် ရွေးကောက်ပွဲ အထမမြောက်စေရန် အသွင်အပြင်အရကော၊ အနှစ်သာရအရပါ ပြည်သူတစ် ရပ်လုံးနှင့်အတူ သပိတ်မှောက်တားဆီးသွားရန်လည်းရှိ‌နေကြောင်း PRF အဖွဲ့က ဆိုသည်။

စစ်ကောင်စီသည် ၂၀၂၃ ရွေးကောက်ပွဲကို လာမည့် ဩဂုတ်လတွင် ကျင်းပရန်စီစဉ်နေသော်လည်း တစ်နိုင်ငံလုံးတွင် ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်နေဆဲဖြစ်၍ စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရန် မရေရာသော အခြေအနေတွင် ရှိနေသည်ဟု လေ့သာသူများက ပြောဆိုနေကြသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required