KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချ

KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Happy ‌စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသည့် KIO / KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသော KIO / KIA အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၃ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ငါးနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ သတင်းရင်း မြစ်က ပြောသည်။

“စဖမ်းထားတုန်းကတော့ တွေ့ခွင့်မပေးဘူး ဆိုတာဟုတ်တယ်၊ အခုတော့ စားစရာတွေ ပစ္စည်းတွေပို့လို့ရ ပြီ၊ သူတို့ဘက်က စာတောင်ပို့တာ ဟုတ်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ KIO/KIA အဖွဲ့ဝင် ၁၃ ဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အထူးတရားရုံးမှ  ဧပြီ ၇ ရက်တွင် ယခုကဲ့သို့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

KIO/KIA အဖွဲ့ဝင် ၁၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် (ရွှေလမ်းမကြီးလမ်း)ရှိ Happy KTV တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှု ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ဆက်စပ်နေသူ များကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly