ကရင်နီပြည်သူများနှင့်အတူရပ်တည်ပြီး နွေဦးတော်လှန်ရေးပြီးမြောက်သည်အထိ လက်တွဲမည်ဟု NUG ကသဝဏ်လွှာပေးပို့

ကရင်နီပြည်သူများနှင့်အတူရပ်တည်ပြီး နွေဦးတော်လှန်ရေးပြီးမြောက်သည်အထိ လက်တွဲမည်ဟု NUG ကသဝဏ်လွှာပေးပို့

ဇွန် ၂၁

ကရင်နီပြည်သူများနှင့်အတူရပ်တည်ပြီး နွေဦးတော်လှန်ရေးပြီးမြောက်သည်အထိ လက်တွဲမည်ဟု NUG က(၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ကရင်နီအမျိုးသားတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု NUG ကဆိုသည်။

လက်ရှိအချိန်တွင်လည်း ကရင်နီပြည်သူများမှာ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောရက်စက်မှုများကြောင့် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သည့် မြေယာ၊ အိုးအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝဖြင့် ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရသည်ကို စာနာနားလည်သည်ဟု သဝဏ်လွှာတွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို ကရင်နီ ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ခုခံ တော်လှန်နေသည်ကိုများစွာ လေးစားဂုဏ်ယူကြောင်း NUG ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာရပ်တည်ပြီးနွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်သည်အထိ လက်တွဲမည် ဖြစ်ကြောင်းNUG၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် တိုင်းပြည်ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ဗမာဘုရင်ကိုယ်စား ကင်းဝန် မင်းကြီးဦးကောင်းနှင့် အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့ကလပ်ဖောဆစ်(သ်) တို့မှ ၁၈၇၅ ခုနှစ်၊ ဇွန် (၂၁) ရက်တွင် လက်မှတ်ရေးထိုး၍ နှစ်နိုင်ငံအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီးယင်းနေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required