အကြမ်းဖက်စစ်တပ်အား ကြိုးစင်သို့သက်သေများနှင့်အတူ ပို့ဆောင်ရန် လုပ်ဆောင်ထားပြီဖြစ်ကြောင်း BWFM ထုတ်ပြန် 

By ဝေဟင်စိုး မဇ္ဈိမ
30 March 2023
အကြမ်းဖက်စစ်တပ်အား ကြိုးစင်သို့သက်သေများနှင့်အတူ ပို့ဆောင်ရန် လုပ်ဆောင်ထားပြီဖြစ်ကြောင်း BWFM ထုတ်ပြန် 

အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာခုံရုံးများသို့ သက်သေများနှင့်အတူ ကြိုးစင်ပို့ဆောင်နိုင်ရန် လိုအပ်သည် များဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားများသမဂ္ဂအဖွဲ့ ချုပ်(BWFM)က ကြေညာချက်အမှတ် (၁/၂၀၂၃)ဖြင့် ယမန်နေ့ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

ယင်း ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ခုနစ်ဦးကို လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ နောက်ထပ် အဖွဲ့ဝင် တစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၁၈ ဦးကို မတရားဖမ်းဆီးထောင်ချခဲ့ကာ ထိုအထဲတွင် အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် ၃၀ ဦးပါဝင်ခဲ့ကြောင်း ဆိုသည်။ 

ထို့အပြင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်ပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသော လူငယ်များအား အကြမ်းဖက်စစ်တပ်က ကားဖြင့်တိုက်၍ဖမ်းဆီးခဲ့ရာ၊ ထိုအထဲတွင်လည်း မိမိတို့ သမဂ္ဂလူငယ်ခေါင်းဆောင်အချို့ပါဝင်ခဲ့ကြပြီး၊ အဆိုပါ လူငယ်များကို ယမန်နေ့ မတ်လ ၂၉ ရက်တွင် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့သည့်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အလားတူ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမာများသမဂ္ဂအဖွဲ့ချုပ် (CTUM)ဥက္ကဋ္ဌအား နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းနှင့် ဗဟိုကော်မတီဝင်များ၏ နိုင်ငံကူးလက်မှတ်များပယ်ဖျက်ခြင်းကို လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များရှိနေသည်ဟုလည်း ဖော်ပြပါရှိသည်။ 

ထို့အတွက် အကြမ်းဖက်စစ်တပ်၏ ယုတ်မာရက်စက်မှုများ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတို့အတွက် နိုင်ငံတကာခုံရုံးများသို့ သက်သေများနှင့်အတူ ကြိုးစင်ပို့ဆောင်နိုင်ရန် လိုအပ်သည်များဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်(BWFM)သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းမှ စတင်၍ နွေဦးတော်လှန်ရေးတွင်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် အာဏာရှင်စနစ်မျိုးကိုမှ လက်ခံမည်မဟုတ်ဟု ဆိုထားသည်။ 

BWFM သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ခုဖြစ်ကာ အလုပ်သမားများ၏ အကျိုးစီးပွား၊ အခွင့်အရေးတို့အတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) စံနှုန်းများအရ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required