ဆော်လမွန်ကျွန်းစုများတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက် မရှိကြောင်း တရုတ် ပြောကြား

ဆော်လမွန်ကျွန်းစုများတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက် မရှိကြောင်း တရုတ် ပြောကြား

တရုတ်သည် ဆော်လမွန်ကျွန်းစုများတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မေ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်၏စောင့်ကြည့်မှုအောက်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် သေးငယ်သော်လည်း ဗျူဟာမြောက် နေရာ၌တည်ရှိသည့် ကျွန်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် မေ ၂၆ ရက်မှစ၍ ပစိဖိတ်ကျွန်းနိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်ဖြစ်သည်။

နှစ်နိုင်ငံအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် ရိုးသားပွင့်လင်းကြောင်း ဝမ်က အလေးထားပြောကြားခဲ့သည်။ တခြားသူများ သို့မဟုတ် မည်သည့် တတိယအဖွဲ့အစည်းကိုမှ ပစ်မှတ်မထားကြောင်းနှင့် တရုတ်သည် ဆော်လမွန်ကျွန်းစုများတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက်မရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။

ပေကျင်းနှင့် သံတမန်ဆက်ဆံရေးရှိသည့် ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံသို့ မေလ ၃၀ ရက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ အစိုးရပြန်တမ်းမူကြမ်းနှင့် ၅ နှစ် စီမံချက်ကို တရုတ်နိုင်ငံက ပေးပို့ခဲ့ကြောင်း ကျိုဒိုသတင်းအေဂျင်စီ၌ ဖော်ပြထားသည်။ ဝမ်သည် ကျွန်းစု ၈ နိုင်ငံသို့ ခရီးထွက်နေခြင်းဖြစ်သည်။

တရုတ်နှင့် လုံခြုံရေးပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးပြီးနောက် အခြေစိုက်စခန်း တည်ဆောက်မည့် သတင်းများ ထွက်ပေါ်လာသောကြောင့် ဆော်လမွန်ကျွန်းစုနိုင်ငံက နိုင်ငံအတွင်းတွင် မည်သည့်နိုင်ငံကိုမှ စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဧပြီလအစောပိုင်းက ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်နှင့် ဆော်လမွန်ကျွန်းစုတို့အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို မတ် ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ နှစ်နိုင်ငံ သဘောတူညီချက်အရ လူမှုစည်းမျဉ်းများ ထိန်းသိမ်းရန်နှင့် တခြားတာဝန်များ ပြီးမြောက်စေရန် လိုအပ်လာပါက ဆော်လမွန်ကျွန်းစုများသို့ ရဲတပ်ဖွဲ့၊ လက်နက်ကိုင် ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် အခြားဥပဒေ စိုးမိုးရေး တပ်ဖွဲ့ဝင်များ စေလွှတ်ရန် တရုတ်အား ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required