မြန်မာအရေးဘုံသဘောတူညီချက် ၅ချက်ကိုတရုတ်ထောက်ခံမှုအား အနောက်နိုင်ငံတွေကအာဆီယံနည်းလမ်းအလုပ်မဖြစ်ဟုဆို 

မြန်မာအရေးဘုံသဘောတူညီချက် ၅ချက်ကိုတရုတ်ထောက်ခံမှုအား အနောက်နိုင်ငံတွေကအာဆီယံနည်းလမ်းအလုပ်မဖြစ်ဟုဆို 

မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ရေး အာဆီယံရဲ့ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi) က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ကစပြီး ၂၃ရက်နေ့အထိ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့ တွေ့ဆုံမှုအပြီးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ယခုလို ပြောဆိုခဲ့တယ်လို့ ပြည်ပသတင်းတွေက ဖော်ပြထားပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ထောက်ခံခဲ့တဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ ဒီဘုံသဘောတူညီချက် ငါးချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ပြေလည်စေဖို့အတွက် အာဆီယံရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ မာဆူဒီက ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။
အာဆီယံငြိမ်းချမ်းရေးမူ ငါးချက်ဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းတွေအတွက် တရားဝင်သံတမန်ရေးရာ လုပ်ငန်းစဉ်အဖြစ် ဆက်လက်တည်ရှိနေပေမယ့် အနောက်နိုင်ငံတွေကတော့ ဒီမူတွေနဲ့ရှေ့မဆက်နိုင်သေးတဲ့အပေါ် စိတ်ပျက်နေကြပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့အုံကြွတော်လှန်မှုဟာ အဖြေမတွေ့သေးဘဲ တတိယမြောက်နှစ်ထဲ ရောက်လာသလို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း ဒီအကျပ်အတည်းပြီးဆုံးအောင် ကူညီရာရောက်မယ့် အလားအလာကောင်းတဲ့ နည်းဗျူဟာမပေးနိုင်သေးတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က Nikkei Asia (နီကေးအေးရှား) စာစောင်မှာ ရေးသားထားပါတယ်။
ဒီလထဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ ဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာအောင် ဆက်ပြီးဆောင်ရွက်ကြမယ်လို့ ပြောဆိုကြပေမယ့်၊ တိုးတက်မှု မရှိခဲ့တာကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
အကျပ်အတည်းကနေ ထွက်ပေါက်ရမယ့်တစ်ခုတည်းသော နည်းလမ်းက မြန်မာစစ်ကောင်စီကို အောင်မြင်အောင်ဖြုတ်ချမယ့် တော်လှန်ရေးအတွက် ဖြစ်တယ်ဆိုတာ မူဝါဒချမှတ်သူတွေအနေနဲ့ သတိချပ်သင့်တယ်လို့ ဆိုပါတယ်။
တစ်ဖက်ကလည်း အာဆီယံရဲ့ဗျူဟာကို အသာထားပြီး၊ တော်လှန်ရေးအင်အားစုကို ပိုထောက်ပံ့ဖို့၊ ဒါမှမဟုတ် စစ်ကောင်စီကို ပိုပြီးချိနဲ့အောင်လုပ်ဖို့ သင့်ပါတယ်လို့ ဆိုပါတယ်။ 
ဒီလိုဆောင်ရွက်တဲ့အခါမှာ NUG အစိုးရရော တခြားတော်လှန်ရေး အဖွဲ့တွေနဲ့ပါ တစ်ပြိုင်နက်တည်း ပိုပြီးအဆင့်မြှင့်ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်လို့ထောက်ပြပါတယ်။
ဒါကြောင့် မြန်မာပြည်ဒီမိုကရေစီနိုင်ငံပြန်ဖြစ်ဖို့ လက်ရှိအာဆီယံရဲ့နည်းလမ်းဟာ အလုပ်မဖြစ်ဘူးဆိုတာ သတိမူရင်း၊ မဟာမိတ် အာဆီယံကိုလည်း ဆက်လက် ထောက်ခံရင်း၊ တစ်ဖက်မှာလည်း လိုအပ်နေတဲ့ ခေါင်းဆောင်မှုနေရာကနေ ထောက်ပံ့သင့်၊ ထောက်ပံ့နိုင်ပါတယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်း စကော့မာစီရယ်က ရေးသားထားပါတယ်။
လက်ရှိအချိန်မှာတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေတာကြောင့် အဖွဲ့ဝင်နိုင်ငံများက ဝေဖန်မှုများရှိနေကြပါတယ်။
အလားတူ ဘုံသဘောတူညီချက် ၅ချက်ကို အကောင်အထည်မဖော်နိုင်တာကြောင့် စစ်ကောင်စီကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားကာ အင်ဒိုနီးရှားအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံသွားမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly