တရုတ်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးများ ယူကရိန်းနှင့် ရှင်ကျန်းအရေး ဆွေးနွေး

တရုတ်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးများ ယူကရိန်းနှင့် ရှင်ကျန်းအရေး ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်ကနေဒါနိုင်ငံခြားရေးဝန်ကြီး မီလန်နီဂျိုလီတို့သည် ယူကရိန်းတွင် ဖြစ်ပွားနေသောစစ်ပွဲနှင့် ရှင်ကျန်း လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ကိစ္စရပ်များစွာကို ဧပြီ ၅ ရက်က ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တရုတ်နှင့် ကနေဒါပြည်သူများသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဝမ်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း တရုတ်-ကနေဒါ ဆက်ဆံရေးသည် မန်ဝမ်ကျိုးကိစ္စကြောင့် ဆိုးဆိုးရွားရွား ဆုတ်ယုတ်သွားခဲ့ရာ မိမိတို့အနေဖြင့် မကြုံတွေ့လိုသော အရာဖြစ်ကြောင်း ဝမ်က ဆိုသည်။

“တရုတ်နဲ့ ကနေဒါတို့ဟာ အတိတ်က အငြင်းပွားမှုတွေ ဒါမှမဟုတ် အကျိုးစီးပွား ပဋိပက္ခတွေ မရှိပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ရည်ရွယ်ချက်နဲ့အညီ ကနေဒါဟာ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့ ပိုမိုလုပ်ဆောင်လိမ့်မယ်လို့ တရုတ်အနေနဲ့ မျှော်လင့်ပါတယ်" ဟု ဝမ်က ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် တရုတ်-ကနေဒါ ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်ပြဿနာကို ကောင်းစွာမကိုင်တွယ်ပါက တရုတ်-ကနေဒါ ဆက်ဆံရေးသည် အဓိကကျသော ပျက်စီးဆုံးရှုံးမှုများကို ခံစားရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားများနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် မှန်ကန်သော သဘောထားနှင့် ရပ်တည်ချက်တစ်ရပ်ကို ကနေဒါက ကျင့်သုံးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဝမ်က ဆိုသည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝန်ကြီး ဂျိုလီက ကနေဒါသည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး အပါအဝင် ၎င်းတို့ အမြဲတမ်း ရပ်တည်ခဲ့သည့် တန်ဖိုးများကို ဆက်လက်ကာကွယ် မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှင်ကျန်းဒေသအပါအဝင် တရုတ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကနေဒါ၏စိုးရိမ်မှုကိုလည်း ဂျိုလီက ထပ်လောင်းတင်ပြခဲ့သည်။

ဖုန်းဖြင့် ပြောဆိုဆွေးနွေးမှုအတွင်း ဝန်ကြီး ဂျိုလီက ယူကရိန်းစစ်ပွဲနှင့် လူသားဆုံးရှုံးရမှုများကိုလည်း ပြောဆိုခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ရှင်းရှင်းလင်းလင်းနှင့် တိုက်ရိုက်ချိုးဖောက်သော ပူတင်၏ တရားမဝင် အကြောင်းမဲ့ ယူကရိန်းကိုကျူးကျော်မှုအပေါ် နိုင်ငံအားလုံးက ရှုတ်ချသင့်ကြောင်းလည်း ဂျိုလီက အလေးထားပြောကြားခဲ့သည်။

ကနေဒါနှင့်ကမ္ဘာ့နိုင်ငံများသည် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် နောက်ခြေလှမ်းများကို အနီးကပ် စောင့်ကြည့်နေကြောင်း ကနေဒါဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required