အကောင်းဆုံးဘောလုံးသမားဆုရရှိသူကို မိုနာကိုမြို့မှာ သြဂုတ် ၃၀ ရက်မှာ ပြုလုပ်မယ့် ၂၀၁၈-၁၉ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနှင့်အတူ အမျိုးသမီး အကောင်းဆုံးဘောလုံးသမားဆု၊ နေရာအလိုက် အကောင်းဆုံးကစားသမားဆုတွေကိုလည်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
အဆိုပါ ဆန်ခါတင် ကစားသမား (၃)ဦး စာရင်းကို ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်တွေ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းများမှ နည်းပြ (၈၀) ဦးနှင့်အတူ ဥရောပအားကစားမီဒီယာအဖွဲ့အစည်းမှ ဂျာနယ်လစ် (၅၅)ဦးတို့ရဲ့ ဆန္ဒမဲအပေါ် အခြေခံကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဆန်ခါတင် (၃)ဦးအတွက် ဆန္ဒမဲပေးရာမှာ ပထမဦးစားပေး ရွေးချယ်တဲ့ ကစားသမားကို (၅)မှတ်၊ ဒုတိယဦးစားပေး ကစားသမားကို (၃)မှတ်၊ တတိယဦးစားပေး ကစားသမားကို (၁)မှတ်ဖြင့် အသီးသီး အမှတ်ပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နည်းပြများအနေနဲ့ မိမိအသင်းမှ ကစားသမားကို ဆန္ဒမဲပေးခွင့် မရှိပါဘူး။
ယခု ဆန်ခါတင် (၃)ဦး စာရင်းမှာ ပါဝင်ခဲ့သူတွေမှာ အမှတ်အများဆုံး ရရှိခဲ့သူများဖြစ်ပြီး နာမည်တွေကိုတော့ အက္ခရာအစဉ်အလိုက်ဖြစ်တဲ့ ရီးယဲလ်မှ မိုဒရစ်၊ ၎င်းရဲ့ အသင်းဖော်ဟောင်းနဲ့ လက်ရှိဂျူဗင်တပ်စ် တိုက်စစ်မှူး ရိုနယ်လ်ဒို၊ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ ဆိုပြီး စီထားတာပါ။
ပြီးခဲ့တဲ့ ရာသီက မိုဒရစ်ဟာ ချန်ပီယံလိဂ် သုံးကြိမ်ဆက် ဆွတ်ခူးရာမှာ ရီးယဲလ်အသင်းကို ပံပိုးခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပြီး အသင်းဟာလည်း ဒုတိယဆု ရယူခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။
စီရော်နယ်လ်ဒိုကလည်း အသင်းဟောင်း ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဆု ဆွတ်ခူးခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းသူအဖြစ် (၆) ကြိမ် ဖြစ်ခဲ့ပါတယ်။
ဆာလာကတော့ လီဗာပူးလ်အသင်းနဲ့ ပထမဆုံးရာသီမှာပဲ စံချိန်အမျိုးမျိုး ချိုးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုခုံးဒဏ်ရာကြောင့် ကွင်းအတွင်းက ထွက်ခွာခဲ့ရပါတယ်။
အဆိုပါ ဆန်ခါတင် (၃)ဦး စာရင်းမှ ကစားသမား (၃)ဦးဟာ ဆန်ခါတင် (၁၀)ဦး စာရင်းထဲမှာပါတဲ့ ဂရစ်ဇ်မန်း (အက်သလက်တီကိုနဲ့ ပြင်သစ် - ၇၂ မှတ်)၊ မက်ဆီ (ဘာစီလိုနာနဲ့ အာဂျင်တီးနား - ၅၅ မှတ်)၊ အမ်ဘတ်ပီ ( ပီအက်စ်ဂျီနဲ့ ပြင်သစ် - ၄၃ မှတ်)၊ ဒီဘရိုင်း ( မန်စီးတီးနဲ့ ဘယ်လ်ဂျီယံ - ၂၈ မှတ်)၊ ဗာရန် (ရီးယဲလ်နဲ့ ပြင်သစ် - ၂၃ မှတ်၊ ဟာဇက် (ချယ်လ်ဆီးနဲ့ ဘယ်လ်ဂျီယံ - ၁၅ မှတ်)၊ ရာမို့စ် (ရီးယဲလ်နဲ့ စပိန် - ၁၂ မှတ်) တို့ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
တစ်ရာသီအတွင်း နေရာလိုက် အကောင်းဆုံးကစားသမားတွေကို ချီးမြှင့်ပေးအပ်မယ့် ဆန်ခါတင် စာရင်းများမှာ -
ဂိုးသမား - အလီဆင်၊ ဘူဖွန်၊ နာဗတ်
နောက်တန်း - မာဆယ်လို၊ ရာမို့စ်၊ ဗာရန်
အလယ်တန်း - ဒီဘရိုင်း၊ တိုနီခရူစ်၊ မိုဒရစ်
အရှေ့တန်း - မက်ဆီ၊ ရော်နယ်လ်ဒို၊ ဆာလာ
- အမျိုးသမီး အကောင်းဆုံးကစားသမား: Pernille Harder, Ada Hegerberg, Amandine Henry.
(EFE-EPA)