မကွေး၊ ဇူလိုင် ၁၂ ။ ။ ယခုနှစ်မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိုးဦးကာလစိုက်ပျိုးသည့် နှမ်းခင်းများအပျက်အစီးများခဲ့သည်ဟု သိရသည်။ သရက်လေးပင်အုပ်စု ကြောင်ပြောက်၊ ကြာ ပြည့်အင်းနှင့်တပ်ကုန်း၊ အင်းနက်၊သဲရင်းတော ကျေးရွာ များတွင် တောင်သူတစ်ဦးလျှင် ယခင်နှစ်က နှမ်းထွက်နှုန်းတစ်ဧက ၇ တင်းမှ ၁၀ တင်းအထိ ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၅ တင်းမှ ၇ တင်းနှုန်းထွက်နိုင်ရန်ပင် မလွယ်ကူကြောင်း သဲရင်းတောကျေးရွာ တောင်သူတစ်ဦးက ပြောသည်။
“ဒီနှစ်မှာ မိုးများပြီး တောင်ကျရေ ၊ယာတွင်းရိုးချောင်းရေ အကျများခဲ့တာကြောင့် ရထားလမ်း အရှေ့ဘက်နဲ့ မကွေးတောင်တွင်းလမ်းကြားမှာ ကြောင်ပျောက်ကျေးရွာကျေးရွာကနှေ သရက်ပင်ရွာ နားအထိ တောင်သူတွေ နှမ်းသုံးခါ ဖျက်ကြဲရတယ်။
နှမ်းမျိုးဈေးကလည်း ငါးသောင်းရှစ်ထောင်ကျပ်ကနေ ရှစ်သောင်းကျပ်အထိ ပေးဝယ်ကြဲရတယ်။ နောက်ကြဲတဲ့ နှမ်းကလည်း လက်ဦးနှမ်းတွေလို အပင်လည်းမဖြစ် နှမ်းလည်း မထွက်နိုင်တော့ဘူး။ အဲ့ဒီတော့ နောက်ဆုံးနှမ်းလည်း ဖျက်ပြီး ဝါဆိုပဲ စိုက်ပျိုးဖို့ ပြင်ဆင်နေတယ်” ဟု ကြောင်ပျောက်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
အင်းနက်နှင့်တပ်ကုန်းကျေးရွာများတွင် တောင်သူများ တစ်ဦးလျှင် ၁၀ ရာခိုင်းနှုန်းခန့် နှမ်းခင်းပျက်ကြသည်။ ဧပြီလအတွင်း စိုက်ခဲ့သည့် လက်ဦးနှမ်းစိုက်တောင်သူများ နှမ်းကောင်းသော်လည်း ဇွန်လမှ စိုက်ကြရသည့် နှမ်းများပျက်စီးရသည်ဟု ဒေသခံ နှမ်းစိုက်တောင်သူများက ပြောသည်။
တပ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက “အပျက်အစီးများရှိကြသလို စိုက်ပျိုးရေးစရိတ် ကုန်ကျတာလည်းများတယ် ။နှမ်းထွက်ချိန်မှာလည်း ဈေးနှုန်းကောင်းရဖို့ တောင်သူတွေ မျော်လင့်နေကြတယ်။မိုးရာသီကနေ ဆောင်းရာသီအထိ လမ်းမကောင်းတော့ သွားလာရေး အခက်အခဲဖြစ်ရတယ် '' ဟု ပြောသည်။
လတ်တလောတွင် နှမ်းအဓိက စိုက်ပျိုးရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီး ဒေသအချို့တွင် မိုးခေါင်၍ နှမ်းစိုက်ခင်းများ ပျက်စီးလျက်ရှိရာ ယခု နှစ်တွင် နှမ်း အထွက်နှုန်း လျော့ကျနိုင်မည့် အနေအထားများရှိသည်ဟု မကွေးမြို့ အခြေစိုက်နှမ်း ကုန်သည်အသိုင်းအ ဝိုင်းက ခန့်မှန်းနေကြသည် ။