ပြည်၊ ဧပြီ ၄ ။ ။ ဧပြီ ၃ ရက်က ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဘူတာဝင်း နှင့် မြင်းစီးကျောက်ရုပ်အနီး အုပ်စုဖွဲ့ ဓါးကိုင် ရမ်းကားသူများကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
"ကျနော်တို့ဆီကို ဖုန်းဝင်လာလို့ကျတော်တို့လည်း သွားဖမ်းတာပဲ။ ဟိုရောက်တော့ ဘယ်သူမှမတွေ့ရဘူး "ဟု ပြည်မြို့မရဲစခန်းမှတာဝန်ကျရဲတပ်ဖွဲ့ဝင်က ဆိုသည်။
ထိုနေ့ည ၁၁ နာရီအချိန်က ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးတွင် ဆိုင်ကယ်နှစ်စီးဖြင့် လူငယ်လေးဦး ရောက်ရှိလာပြီး လမ်းသွားလမ်းလာများကို စိန်ခေါ်ရန်စခြင်း၊ ဓါးရှည်များဖြင့် လိုက်ခုတ်ခြင်းများ ပြုလုပ်ခဲ့သည်။
"ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလာတယ်။ ပစ္စည်းလုတာလည်းမဟုတ် ရန်ဖြစ်တာလည်းမဟုတ် သက်သက်မဲ့ကို အကြောင်းမဲ့ လိုက်ခုတ်နေတာ"ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။
အဆိုပါလူစု၏ ရမ်းကားမှုကြောင့် တစ်စုံတစ်ဦးမှ ထိခိုက်မှုမရှိသော်လည်း လူအများ အထိတ်တလန့် ဖြစ်ကာထွက်ပြေးခဲ့ရသည်ဟု မျက်မြင်များက ဆိုသည်။ လူစုမှာ ၁၀မိနစ်ခန့် ရမ်းကားမှုများပြုလုပ်ခဲ့ပြီး မြင်းစီးကျောက်ရုပ်ကို တစ်ပတ်ပတ်ကာ ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့သည်။
၎င်းတို့ ပြန်သွားပြီးမကြာမှီ ဆိုင်ကယ် ရစီးဖြင့် တီရှပ်အင်္ကျီအဖြူရောင်ဝတ် လူငယ် ၁၀ဦးကျော် ထပ်မံရောက်ရှိလာခဲ့ပြီး ၎င်းတို့ကမူ ဗိုလ်ချုပ်ကျောက်ရုပ်အား ၃ပတ်ပတ်ပြီး အလေးပြုကာ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရသည်။
ဗိုလ်ချုပ်ကျောက်ရုပ် အဝိုင်းပတ်တွင် ရဲကင်းရှိပြီး၊ လုံခြံုရေးကင်မရာများ (CCTV) တတ်ဆင်ထားသော်လည်း ထိုနေ့ညပိုင်းက ရဲလုံခြံုရေးများမတွေ့ရပေ။
ပြည်မြို့ဗိုလ်ချုပ်လမ်း၊ ရန်ကုန်ပြည်လမ်း၊ ရွှေတစ်ချောင်းလမ်းတို့တွင် လူငယ်များ အရက်သေစာသောက်စားကာ ဆိုင်ကယ်ပြိုင်မောင်းခြင်း၊ ရှေ့ဘီးထောင်စတန့်ထွင်မောင်း နှင်ခြင်း၊ အိပ်ဇောဖြုတ်မောင်းခြင်း၊ အသံပြောင်းထားသောဟွန်းများ တပ်ဆင်မောင်းနှင်ခြင်းများပြုလုပ်လေ့ရှိသည်။ အဖွဲ့လိုက်ဆိုင်ကယ်စီးခြင်းများနှင့်အတူ အုပ်စုဖွဲ့ရန်ဖြစ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။