မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့မှ ဦးဆောင်ကာ စစ်ဆင်ရေး ဖော်ဆောင်နေသည့် Operation 1027 တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)လည်း ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိကြောင်း KNDF မှ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်အသိပေးသည်။
“KNDF (၆၀၆) တပ်ရင်းက ၁၀၂၇စစ်ဆင်ရေး စတင်ကတည်းက ပါနေတာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာပဲ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ပါဝင်တာဖြစ်ပါတယ်။ ဘယ်နေရာမှာ အတိအကျပါတယ်ဆိုတာကိုတော့ အတိအကျ ပြောခွင့်မရှိပါဘူးဗျ” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“ညီနောင် မဟာမိတ် သုံးဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အား မိမိတို့ KNDF အနေဖြင့်ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်ထိ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်သည်” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ ရွှေလီကြိုးတံတား စခန်းသိမ်းတိုက်ပွဲအတွင်း KNDF အမှတ် (၆၀၆) မှရဲဘော်များလည်း ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့နှင့်အတူ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း KNDF နှင့် PSLF/TNLA တို့မှ ထုတ်ပြန်ထားသည့် တိုက်ပွဲမှတ်တမ်းများအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)