အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ ဘဏ္ဍာငွေအရေးပေါ်ဖြည့်တင်းနိုင်ရေးအတွက် ကျပ် ၂၀,၀၀၀ တန်များကို ထုတ်ဝေရခြင်းဟုရှု့မြင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကြား ကာလဗဟိုဘဏ်မှ ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည်။
၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာဆင်နွှဲနေသည့် အကြမ်းဖက်တိုက်ခိုက်မှု များစဉ်ဆက်မပြတ်ကျူးလွန်နိုင်ရေးအတွက် ကြိုးပမ်းခြင်းဟုဆိုသည်။
တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေကာ ပြည်သူတွေများ ၏ လုပ်အားနှင့် ချွေးနှဲစာစုဆောင်းငွေများကို တစ်ဖက်လှည့်ခိုးယူခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံ သော အစိုးရများက အသိအမှတ်ပြုမည်မဟုတ်ဘဲ တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာသည်။
အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့လုပ်ရပ်များကြောင့် ယခင်မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရကြောင်းလည်းဆိုသည်။
ယခုကာလတွင် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ် အတည်းဆိုက်ရောက်စေသည့် ငွေစက္ကူသစ်ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း ၂၀,၀၀၀ တန် ငွေစက္ကူများသည် တော်လှန်ရေးအဖွဲ့များကို ဘဏ္ဍာရေးအရ ချိနဲ့စေရန် ထိုးနှက်ချက်တခုဖြစ်သည်ဟု စစ်ကိုင်းဖိုရမ်ပြောခွင့်ရသူက မဇ္ဈိမသို့ဖြေကြား ထားသည်။
အစိမ်းနုရောင်ပေါ်တွင် ဆင်ဖြူတော်ပုံရိုက်နှိပ်ထားမည့် ၂၀,၀၀၀ တန်ငွေစက္ကူသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက် နံနက် ခင်းက ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူများကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ကျပ် ၂၀,၀၀၀ တန် ကို အရေအတွက်အကန့်အသတ်ဖြင့်ထုတ်ဝေမည်ဟု စစ်ကောင်စီကကြေညာခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့်ထုတ်မည် ဖြစ်၍ငွေကြေးဖောင်းပွမှုဖြစ်စေမည်မဟုတ်ဟု ဇူလိုင် ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည့် စီးပွားရေးရာ ကော်မတီ အစည်းအဝေးတွင် ပြောခဲ့သေးသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်၊ ဦးသန်းရွှေလက်ထက်၌ ကျပ် ၅,၀၀၀ တန်ထုတ်ဝေခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ