မန္တလေးတိုင်း ၊ နွားထိုးကြီး–မြို့သာလမ်းပိုင်း ၊ အောင်ချမ်းသာကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်ဟု မြင်းခြံခရိုင် တပ်ရင်း(၄) တာဝန်ရှိသူထံမှ သိရသည်။
“စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ အင်အား ၂၀ လောက် ရှိပါတယ်ဗျ။ စစ်ဆေးရေးလုပ်နေတုန်း M-9 အမျိုးအစားဗုံးသီးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တည်နေရာကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ တာ ဖြစ်တယ်” ဟု မြင်းခြံခရိုင်တပ်ရင်း(၄)သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဗိုလ်အဆင့်ရှိသူအပါအဝင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးမှာ နေရာတွင်သေဆုံး၍ ဗိုလ်အဆင့်ရှိသူမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း(၄)မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အဆိုပါ ဒရုန်းအား ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ကာကွယ်တပ်ဖွဲ့ဝင်ထံမှ သိရသည်။
ယင်းအပြင် နိုဝင်ဘာလ ၂ ရက် ညနေ ၃ နာရီအချိန်တွင်လည်း နွားထိုးကြီးမြို့နယ် ငှက်ပျောအိုင် ကျေးရွာ အတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို မသိရသေးကြောင်း မြင်းခြံခရိုင်တပ်ရင်း(၄)ထံမှ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ