ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း ဇူလိုင်လ ၁၉ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) CDF-Kanpetlet က သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့အောက်ဘက် ၊မြတ်နိုးသူလမ်းအကွေ့တွင် ဇူလိုင်လ ၁၉ရက် ညနေ ၆နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ယမန်နေ့ ဇူလိုင်၂၀ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဆောမြို့နယ် ဘက်မှ စစ်ကောင်စီတပ်များနှင့် တပ်အပြောင်းအလဲလုပ်ရန်အတွက် ကန်ပက်လက်မြို့မှ ထွက်ခွာလာပြီး ယာယီစခန်းချထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-Kanpetlet တပ်မဟာမှူးဆလိုင်းထွန်းလိန်းက မဇ္စျိမကိုပြောသည်။
“ကန်ပက်လက်ကဆင်းလာပြီး ဆောဘက်ကတက်လာတဲ့တပ်နဲ့ ချိန်းဘို့လို့ယူဆရတယ်။ လောက်နူးမြေမှ ကြိုဆိုပါ၏ အနီးမှာရှိတဲ့ မြတ်နိုးသူအကွေ့မှာ ယာယီစခန်းချထားတာကို သွားတိုက်ခဲ့တာပါ”ဟုတပ်မဟာမှူးဆလိုင်းထွန်းလိန်းကပြောသည်။
ယာယီစခန်းချထားသည့် အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီအင်အား ၃၀ခန့်ရှိပြီး စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့ကြသော်လည်း လက်နက်အင်အားနှင့် ကျည်အင်အားနည်းပါးမှုကြောင့်မသိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ထိုတိုက်ပွဲတွင်CDF – Kanpetletရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။တိုက်ပွဲသည် ၁နာရီ ကျော်ကြာခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ်အပါအဝင် မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်နေရာများတွင် ဇူလိုင်လ ၁၆ရက်မှ ဇူလိုင် ၁၉ရက်အတွင်း တိုက်ပွဲများဖြစ်ခဲ့ခြင်းဟုသိရသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၉ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း၊ CDF-Kanpetlet က ထုတ်ပြန်ထားသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် စစ်ကောင်စီသည် မကွေးတိုင်း၊လောင်းရှည်မြို့ဘက်မှ ကျင်ဒွေးဒေသဘက်သို့ တင့်ကားနှစ်စီးအပါအဝင်အင်အား ၃၀၀ခန့်နှင့် ကျောက်ထုမြို့ဘက်မှ ထွက်လာသည့် အင်အား ၁၇၀ခန့်စစ်ကြောင်းဖြင့် ကန်ပက်လက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုရှိနေကြောင်း တပ်မဟာမှူးဆလိုင်းထွန်းလိန်းက ပြောသည်။
အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်ခုခံနိုင်ရန်အတွက် လက်နက်ခဲယမ်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများလိုအပ်နေသည်ဟု
CDF-Kanpetlet က ပြည်သူလူထုအား အသိပေးထားသည်။
စာတည်း - မောင်ကြီး