ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဌနှင့် အခြား နှစ်ဦးအား ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ALP က ယနေ့ ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဒုတိယဥက္ကဌဖြစ်သည့် ခိုင်နီရောင်၊ ALAအမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ သုံးဦးကို ဇွန်လ ၁ရက်နေ့ နေ့လယ်ပိုင်းတွင် လုပ်ကြံပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
“ကျနော်တို့မှာ စစ်ရေးကြိုတင်သတင်းတွေရရှိထားပြီးသား ဖြစ်တယ်။ ဒီအချိန်မှာ ကျနော်တို့ဘက်က လျော့တွက်လိုက်မိတယ်။ လျော့တွက်လိုက်တယ်ဆိုတာက မိုခါမုန်တိုင်းကာလဖြစ်နေတယ်။ ရခိုင်လူမျိုး အချင်းချင်း ဒီအချိန်မှာ ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်လောက်ဘူး။ ဘာလို့ဆို AAကလည်း သူတတ်နိုင်တဲ့ ဘက်က သူတို့လုပ်နေတယ်။ ကျနော်တို့ဘက်က လည်းလုပ်နေတယ်။
ဒီအချိန်ဟာရခိုင်ပြည်နယ်အတွက် အရမ်းအရေးကြီးတဲ့ ပြန်လည်ထူထောင်ရေးအချိန်ဖြစ်နေတဲ့ အတွက်ကြောင့် ဒီအချိန်မျိုးမှာ အတ္တစွဲတွေနဲ့ မလုပ်လောက်ဘူးလို့ ကျနော်တို့က သူတို့အပေါ်မှာ သဘောထားကြီးကြီး တွက်မိသွားတာပေါ့။ ဒီအချိန်မှာ သူတို့ကလုပ်ကြံသွားတာ” ဟု ALP အတွင်းရေးမှူး ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။
၎င်းတို့သုံးဦးသည် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုခါမုန်တိုင်းတိုင်းကယ်ဆယ်ရေးအတွက် အစည်းအဝေးလုပ်ပြီး အပြန် စစ်တွေတက္ကသိုလ်ရှေ့တွင် ပစ်ခတ်ခံရကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။
ALP ပါတီ ဥက္ကဌ ဒေါ်စောမြရာဇာလင်းသည် အာဏာသိမ်း စစ်ကောင်စီနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေပြီး လက်ရှိတွင် ALP ပါတီသည် ရခိုင်ပြည်နယ်အတွင်းတွင် မိုခါမုန်းတိုင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။
ကယ်ဆယ်ကူညီရေး လုပ်ငန်းများနှင့် ပတ်သက််၍ ရက္ခိုင့်တပ်တော်နှင့် ညှိုနှိုင်းဆောင်ရွက်အပေါ် မေးမြန်းခဲ့ရာတွင် ဗိုလ်မှူး ခိုင်သူရိန်က ”သူလည်းသူ့ဧရိယာမှသူလုပ် ကျနော်တို့်လည်း ကျနော်တို့ ဧရိယာတွေမှာ ကျနော်တို့ လုပ်နေတယ်။ ပြီးသွားတော့ သူလည်းသူ့ရဲ့မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတယ်။ကျနော်တို့ကလည်း ကျနော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါက ပြောရမယ်ဆိုရင် ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်လုပ်နေကြတာပဲဗျာ။ ဘာတွေကျနော်တို့က ညှိနှိုင်းကြရဦးမှာလဲ” ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်အဖွဲ့တွင် ပါဝင်သည့်သူများ သတ်ဖြတ်ခံရမှုမှာ ယခု ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ALPပါတီ၏ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်၊ ALA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ ALA အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ALA ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထိုလုပ်ကြံမှုမှာလည်း ရက္ခိုင့်တပ်တော်(AA) ပြုလုပ်ခြင်းဖြစ်ကြောင်း ALPဘက်က စွပ်စွဲထားသည်။
သတ်ဖြတ်ခံရမှုများအပေါ် စွပ်စွဲချက်နှင့် ပတ်သက်ပြီး AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းဆက်သွယ်၍မရခဲ့ပေ။
စာတည်း။ ။အောင်ကျော်ဖြိုး