ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတစ်ခုကို Soft Strike Community Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)က ယနေ့ ဇွန်လ ၁၉ရက် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် “We Miss You” စာသားပါ ဘန်နာကို ချိတ်ဆွဲကာ အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“စစ်ကောင်စီက နံရံတွေခြားထားလည်း မတရားပုဒ်မတွေနဲ့ အကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင်နဲ့အတူ လူထုကအမြဲအတူ ရှိနေတယ်ဆို ပြသချင်တာရယ်၊ အမှတ်တရတခုပြုလုပ်ပေးချင်တာရယ်ကြောင့် ဒီနေ့မှာချိတ်ဆွဲခဲ့တာပါ။သာမန်ထက်လုံခြုံရေးတင်းကြပ်တဲ့နေ့ဆိုတော့ ခက်ခက်ခဲခဲကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်” ဟု YRF အဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
စစ်တပ်က ဖမ်းဆီးချုပ်နှောင်အကျဉ်းချပြီးနောက်ပိုင်း နှစ်နှစ်ကျော်လာသည်အထိ ပြည်သူများအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား မတွေ့ရ၊ အသံကို မကြားရသည့်တိုင် အစဉ်အမြဲအောက်မေ့ သတိရလျက်ရှိနေကြောင်း YRF က ဆိုသည်။
မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်၏ လာမည့်နှစ် ၇၉ နှစ်မြောက်မွေးနေ့တွင် ပြည်သူများနှင့်အတူ မွေးနေ့ကျင်းပခွင့်ရပါစေကြောင်းနှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူအမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေဟု YRFဆုတောင်းထားသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံနေရာအနှံ့အပြားနှင့် နိုင်ငံအသီးသီးတွင် ပန်းသပိတ်လှုပ်ရှားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိသည်။ ထိုကြောင့် စစ်ကောင်စီတပ်က မြို့ကြီးများတွင် လုံခြုံရေးတင်းကြပ်ကာ မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း လူမှုကွန်ရက်ပေါ်၌ ပန်းသပိတ်နှင့် ပတ်သက်သည့် အကြောင်းအရာ ရေးသားသူများကို သတင်းပေးကြရန် တိုက်တွန်းမှုများ ရှိနေသည်။
စာတည်း - မောင်ကြီး