ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ ၊ တိုက်ပွဲပြင်းထန်ခဲ့

ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ ၊ တိုက်ပွဲပြင်းထန်ခဲ့

ဇန်နဝါရီ ၂၂

ကရင်နီပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ရသည် အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း KNDF က သတင်း ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ၊ဒေါပိုးစီ၊ (၅) မိုင်နှင့် (၆) မိုင်တို့တွင် စစ်ကောင်စီ တပ်က ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် စစ်ကြောင်း ထိုးလာသဖြင့် ကရင်နီ တပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်များက ခုခံ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နေကုန် ပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အများအပြား သေပြီး အထိ နာခဲ့သောကြောင့် အဆိုပါနေ့ ညနေ ၅ နာရီခွဲ တွင် တိုက်လေယာဉ် နှစ်စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခန့်တွင်လည်း ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု KNDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“ မိမိတို့ဘက်က ရဲဘော် သုံး ဦး မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အလားတူ ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ထီးတူးခူ ကျေးရွာနားတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ လေထီးခုန် ဆင်းခဲ့သည်ဟု ဆိုသည်။

လိုဘာခို ကျေးရွာ အနီးတွင်လည်း တောင်ငူဘက်မှ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ တပ်များကို ကရင်နီ ပူးပေါင်းတပ်က ခုခံနိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်း KNDF မှ လက်ဖြောင့် တပ်သားတစ်ဦး ကျဆုံးခဲ့ရသည်။

လွိုင်ကော်မြို့ပေါ်တွင်မူ ဇန်နဝါရီ ၂၁ ရက်နေ့က တိုက်ပွဲ ကြီးကြီးမားမား မဖြစ်ပွားခဲ့ဟု သိရသည်။

သို့သော် လွိုင်ကော်မြို့တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ အရပ်သား ပြည်သူ ၁၅ ဦးထက်မနည်းကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း KNDF က ထုတ်ပြန် သည်။

ကရင်နီပြည်နယ် အနှံ့တွင် ခုခံတော်လှန်စစ်များ ဖြစ်ပွားနေပြီး ပြည်နယ်လူထု၏ သုံးပုံ နှစ်ပုံသည် စစ်ဘေးရှောင် နေရပ်စွန့်ခွာ ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required