ဝီဂါများအပေါ် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများဆိုင်ရာ တတိယမြောက် သက်သေအမှုတွဲကို ICC သို့ တင်ပြ

By Just Earth News
20 November 2021
ဝီဂါများအပေါ် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများဆိုင်ရာ တတိယမြောက် သက်သေအမှုတွဲကို ICC သို့ တင်ပြ

ဝီဂါမူစလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော အခြားပြစ်မှုများအတွက် တရုတ်အာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အစိုးရရှေ့နေရုံး ဖြစ်သည့် ICC (အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး) ရုံးသို့ တတိယမြောက် သက်သေအမှုတွဲကို တင်ပြလိုက်ပြီဖြစ်သည်။

အဆိုပါ သက်သေအထောက်အထားအသစ်သည် တာဂျစ်ကစ္စတန်အတွင်း ဝီဂါများကို လိုက်ဖမ်းရန် တရုတ်ပါဝင်ပတ်သက်မှု အတိုင်းအတာကို ဖော်ထုတ်ပြသပြီး ၎င်းတို့အား ပြည်နှင်ဒဏ်ပေး၊ ပြန်ပေးဆွဲကာ ပျောက်ကွယ်စေခဲ့ကြောင်း အရှေ့တာကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် တာဂျစ်ကစ္စတန်နှင့် အခြားဗဟိုအာရှနိုင်ငံများတွင် လုပ်ကိုင်နေသော တရုတ်အရာရှိများက ဝီဂါများကို ပစ်မှတ်ထားသည့်စနစ်ကို မည်သို့ အစီအစဉ်ဆွဲ တပ်ဖြန့်လုပ်ဆောင်နေသည်နှင့်ပတ်သက်ပြီး တိုက်ရိုက်နှင့်အသေးစိတ်ကျသောအချက်အလက်များကို ဖော်ပြထားသည်။

တာဂျစ်ကစ္စတန်ရှိ ICC နယ်မြေတွင် စတင်ခဲ့ပြီး ယခုချိန်ထိ ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံတကာ ရာဇ၀တ်မှုများအပေါ် ICC သည် တရားစီရင်ပိုင်ခွင့်ရှိသည်။

ဝီဂါအမျိုးသားတစ်ဦးက ၎င်းအား တာဂျစ်ကစ္စတန်ရှိ တရုတ်အာဏာပိုင်များနှင့် မည်သို့အလုပ်လုပ်ရန် တွန်းအားပေးခံရကြောင်းကို ပြောပြသည်။ ဝီဂါများကို နေရပ်ပြန်ပို့ရန် တာဂျစ်ကစ္စတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ အသုံးပြုသောနည်းတစ်နည်းမှာ "ဗီဇာနှင့် စာရွက်စာတမ်းဆိုင်ရာ ပြဿနာများ ဖန်တီးခြင်း" ဖြစ်သည်ဟု ၎င်းက အတည်ပြုသည်။

ဖြစ်ပျက်နေသောအရာများကို ထုတ်ဖော်ပြောမည်ဟု ကြိုးစားခဲ့သော်လည်း မိဘများ အထိန်းသိမ်းခံခဲ့ရကာ သတင်းအစအန မကြားရတော့ပေ။

အကြမ်းဖျင်းအားဖြင့် ဝီဂါ ၄ ပုံ ၁ ပုံခန့်သည် သတင်းပေးသူများဖြစ်ကြသော်လည်း သတင်းပေးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှမသိကြောင်း ၎င်းက ပြောသည်။ “သူတို့က ခင်ဗျား ဘယ်ကိုသွားလဲ။ဘာတွေ သုံးစွဲလဲ။ ဘယ်လိုဝတ်ပြုလဲ စောင့်ကြည့်ကြပါတယ်။ ပြီးတော့ သူတို့က ခင်ဗျားတို့အကြောင်းကို တရုတ်ပြည်ကို သတင်းပို့ကြတယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ ပြုလုပ်ခံရများသည် ပထမဆုံး အနေဖြင့် ဖမ်းဆီးခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ICC အဖွဲ့ဝင်မြေမှ အတင်းအကျပ်ပျောက်ကွယ်သွားကာ လူသတ်မှု၊ အကျဉ်းကျမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖိစီးနှိပ်စက်မှုနှင့် အခြားသော ရာဇဝတ်ပြစ်မှုများအတွက် တရုတ်ပြည်သို့ ပြန်ပို့ခံရသောကြောင့် ဤအထောက်အထားများအားလုံးသည် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အစိုးရရှေ့နေရုံးအတွက် စီရင်ပိုင်ခွင့်ကို ရရှိစေသည်။

“ICC အစိုးရရှေ့နေရုံးနှင့်အဖွဲ့တွေအနေဖြင့် မြေပြင်အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ထပ်ပြီး မနှောင့်နှေးဘဲ အမှုဖွင့်ပေးဖို့ တာဂျစ်ကစ္စတန်ကို သွားရောက်ဖို့ တောင်းဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly