စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဖမ်းဆီးခံရပြီး ၁ လပြည့်သည်အထိ သတင်းအစအနမရ

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဖမ်းဆီးခံရပြီး ၁ လပြည့်သည်အထိ သတင်းအစအနမရ

အောက်တိုဘာ ၁၉

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ဖြစ်သူ မအေးနန္ဒာစိုး ဖမ်းဆီးခံရသည့် တစ်လပြည့်သည့် ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရကြောင်းသိရသည်။

အသက် ၂၁ နှစ်အရွယ် မအေးနန္ဒာစိုးက မန္တလေးမှ စစ်ကိုင်းဘက်သို့ အပြန် စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းအချိန် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ ရဲစခန်း၊ စစ်ကြောရေးစခန်းနှင့် အိုးဘိုထောင်သို့ စုံစမ်းသော်လည်း သတင်းအစအနပျောက်နေသည်။

“ပုံမှန်ဆိုရင်တစ်ဦးတစ်ယောက်အဖမ်းခံရတဲ့အခါ စစ်ကြောရေးကို ရောက်မယ်၊ မန္တလေးမှာဆို နန်းတွင်းရယ် နောက်နှစ်နေရာရယ်။ အဲ့ဒီမှာ တစ်ပတ်လောက်ထားပြီးရင် အိုးဘိုထောင်ကိုပို့တယ်၊ ခုကမိသားစုတွေလည်းစုံစမ်းတယ်၊ ကျွန်တော်တို့ တွေလည်း စုံစမ်းတာ ဘယ်မှာမှ သတင်းမရဘူး” ဟုဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဠ ကိုအောင်ပြည့်စုံဖြိုးက ကိုပြောသည်။

စစ်‌ဆေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးရာက ဖမ်းဆီးခံလိုက်ရသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူ စစ်ကိုင်းပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုး၏ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေရကြောင်း ၎င်းကဆက်ပြောသည်။

“သူ့နောက်မှ အဖမ်းခံရသူတွေတောင်ထောင်ထဲကိုရောက်နေကြပြီ၊ သူကခုထိအဆက်အသွယ်မရတော့ သူ့အသက်အန္တရာယ်အတွက်ပါစိုးရိမ်နေရတယ်၊ မိန်းကလေးတစ်ယောက်လဲဖြစ်တယ်ဆိုတော့ ပိုပြီးစိုးရိမ်ရပါတယ်၊ပြည်သူတွေအနေနဲ့လည်း အဖမ်းခံထားရပြီးမလွတ်မြောက်လာသေးတဲ့ကျောင်းသားတွေအတွက် အကူအညီပေးကြဖို့ တောင်းဆိုပါတယ်” ဟု ၎င်းကပြောသည်။

နိုင်ငံရေး အကျဉ်း သားများအပါအဝင် အကျဉ်းကျခံနေရသူ ၅,၀၀၀ ကျော်ကို ယမန်နေ့ကစတင်ကာ အသုတ်လိုက် လွှတ်ပေးနေသော်လည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ လွတ်မြောက်လာမှု အနည်းအကျည်းသာရှိသေးကြောင်းသိရသည်။

ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဠ ကိုအောင်ပြည့်စုံဖြိုးထံမှ စုံစမ်းသိရှိရသော ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် လွတ်မြောက်လာသူ ငါးဦးသာရှိရာ ပခုက္ကူမှလေးဦးနှင့် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တစ်ဦးဖြစ်သည်။

ဗကသများအဖွဲ့ချုပ်စာရင်းအရ စစ်အာဏာမသိမ်းခင်နှင့်သိမ်းပြီးအချိန်တွင် ဖမ်းဆီးခံရသော ဗကသများအဖွဲ့ချုပ်ဝင် အနည်းဆုံး ၃၈ ဦးရှိသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly