တရုတ်ကို သတိနှင့် ကြည့်ရင်း အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှုအတွက် လုပ်ဆောင်မည်ဟု Quad ခေါင်းဆောင်များ ကတိပြု

By Zeebiz
28 September 2021
တရုတ်ကို သတိနှင့် ကြည့်ရင်း အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှုအတွက် လုပ်ဆောင်မည်ဟု Quad ခေါင်းဆောင်များ ကတိပြု

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့၏ ခေါင်းဆောင်များသည် စက်တင်ဘာ ၂၄ ရက်က ၎င်းတို့အကြား လူချင်း တွေ့ဆုံသည့် ပထမဆုံး ထိပ်သီးအစည်းအဝေး၌ ‘မည်သို့သော အကျပ်ကိုင်မှုကို မဆို မမှုသည့်’ လွတ်လပ်ပွင့်လင်းမှု ရှိသော အင်ဒို-ပစိဖိတ် ဒေသ ဖြစ်စေရေး လုပ်ဆောင်မည်ဟု သံန္နိဋ္ဌာန်ချခဲ့ကြသည်။ တရုတ်နှင့်ပတ်သက်ပြီး တူညီသော စိုးရိမ်ပူပန်မှုများ ရှိနေစဥ် အဆိုပါ ထိပ်သီးအစည်းအဝေးက ညီညွတ်သော ဟန်ပန်မျက်နှာစာတစ်ခုကို ထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

အဓိက ဒီမိုကရေစီ နိုင်ငံ လေးနိုင်ငံ အဖွဲ့ဖြစ်သည့် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (Quad ) ခေါင်းဆောင်များ၏ အိမ်ဖြူတော်၌ နှစ်နာရီကြာ ကျင်းပသည့် အစည်းအဝေးကို ပေကျင်းဘက်ကလည်း အနီးကပ် စောင့်ကြည့်နေလိမ့်မည် ဖြစ်ပြီး ထို Quad အဖွဲ့ကို ‘ပျက်စီးကိန်း ကြုံမည့် အဖွဲ့’ ဆိုပြီး တရုတ်က ဝေဖန်ပြစ်တင်ထားခဲ့သည်။

“မိမိတို့အနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ လေယာဥ်ပျံသန်းမှု၊ အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာမှု၊ ဒီမိုကရေစီ တန်ဖိုးစံနှုန်းတွေနဲ့ နိုင်ငံတွေရဲ့ နယ်မြေပိုင်နက်ဆိုင်ရာ တည်တံ့ခိုင်မြဲမှု တို့အတွက် ရပ်တည်ပါတယ်” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ တို့က အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။

ခေါင်းဆောင်များ၏ မှတ်ချက်စကားများ၊ ရှည်လျားသော ပူးတွဲထုတ်ပြန်ချက်နှင့် နောက်ပိုင်း ထုတ်ပြန်ခဲ့သည့် အချက်အလက် စာရွက်တို့တွင် တရုတ်ကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း ၎င်းတို့၏ အဓိက အာရုံစိုက်မှုက ပေကျင်း ဖြစ်နေသည်မှာ ရှင်းရှင်းလင်းလင်း ရှိသည်။

တရုတ်တို့ အင်အားပြသရန် ကြိုးပမ်းနေခဲ့သည့် ဒေသတစ်ခု၌ စည်းမျဥ်း အခြေပြု ပြုမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ခေါင်း‌ဆောင်များ၏ ထပ်တလဲလဲ တောင်းဆိုပြောကြားထားမှုများကို ယခု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပါဝင်ခဲ့သည်။

“အင်ဒို-ပစိဖိတ်‌ဒေသမှာ လုံခြုံရေးနဲ့ ကြီးပွားချမ်းသာမှုကို အားပေးမြှင့်တင်ဖို့အတွက် ဘယ်လို အကျပ်ကိုင်မှုကိုမှ မမှုဘဲ မိမိတို့အနေနဲ့ လွတ်လပ်ပွင့်လင်းမှု၊ စည်းမျဥ်း အခြေပြုတဲ့ စနစ်နဲ့ အမြစ်တွယ်နေတဲ့ နိုင်ငံတကာဥပဒေနဲ့အတူ အတူတကွ အားပေး လုပ်ဆောင်ဖို့ ထပ်လောင်း ကတိပြုပါတယ်” ဟု ၎င်းတို့က ပြောခဲ့သည်။

ထို့ပြင် သေးငယ်သော ကျွန်းနိုင်ငံများ၊ အထူးသဖြင့် ပစိဖိတ်ဒေသရှိ နိုင်ငံများကိုလည်း ယင်းတို့၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒဏ်ခံနိုင်မှုကို တိုးတက်စေရန်အလို့ငှာ ထောက်ပံ့မှုများ လုပ်ဆောင်မည်ဟု Quad ခေါင်းဆောင်များက ထုတ်ဖော်ခဲ့ကြသည်။

အလားတူ မြောက်ကိုရီးယားကိုလည်း ယင်း၏ နျူကလီးယားလက်နက်များ၊ ပဲ့ထိန်းဒုံးအစီအစဥ်များနှင့်ပတ်သက်ပြီး သံခင်းတမန်ခင်းအရ ဆွေးနွေးလုပ်ဆောင်ရေး ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။ နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုများ မရုပ်သိမ်းပါက ယင်းအတိုင်း လုပ်မည်မဟုတ်ဟု ပြုံယမ်းကလည်း ငြင်းဆန်ထားသည်။

ထို့ပြင် Quad ခေါင်းဆောင်များသည် အောက်တိုဘာလတွင် ကာကွယ်ဆေး ပြည်ပတင်ပို့မှုများ ပြန်စမည့် အိန္ဒိယ၏ အစီအစဥ်ကို ကြိုဆိုရင်း ကမ္ဘာတဝန်း ကာကွယ်ဆေးများ ချဲ့ထွင်ထုတ်လုပ်ဖြန့်ချိရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ နိုင်ငံလေးနိုင်ငံအနေဖြင့် ကာကွယ်ဆေးများ၊ သန့်ရှင်းသော စွမ်းအင်နှင့် အာကာသပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသလို နှစ်စဥ်နှစ်တိုင်း ထိပ်သီးအစည်းအဝေးပွဲတစ်ခု ကျင်းပရန် သဘောတူခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ် ဆုဂါက သတင်းထောက်များကို ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required