စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဇာတိအိမ်အပြန်လမ်း စစ်‌ဆေးရေးဂိတ်တွင်အဖမ်းခံရ

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဇာတိအိမ်အပြန်လမ်း စစ်‌ဆေးရေးဂိတ်တွင်အဖမ်းခံရ

စက်တင်ဘာ ၂၁

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ဖြစ်သူ အသက် ၂၁ နှစ်အရွယ် မအေးနန္ဒာစိုးသည် မန္တလေးမှ စစ်ကိုင်းဘက်သို့ အပြန်လမ်း စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

စစ်ကိုင်းဘက်အ၀င် စစ်‌ဆေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးရာက ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ကျောင်းသားများသမဂ္ဂ ထံကသိရသည်။

“သူက အဲဒီနေ့က မန္တလေးကနေ စစ်ကိုင်းဘက် သူ့ဇာတိကို ပြန်တာ၊ စစ်ကိုင်းအဝင် စစ်ဆေးရေးဂိတ်မှာ အရပ်ဝတ်နဲ့ ရဲတွေကမှတ်ပုံတင်စစ်ပြီး ဖမ်းလိုက်ကြတာ၊ ဘယ်လိုသိရလဲဆိုရင် အဲဒီကားဂိတ်ကို ကျွန်တော်တို့ခရီးသည်မိန်းကလေးက သူဆင်းရမယ့်ဂိတ်ကိုမရောက်ဘူး။ အဆက်အသွယ်မရဘူးမေးတော့ သူတို့ကပြန်ပြောပြတာ” ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကဆိုသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုးသည် စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးတွင်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။

“ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ(၄၈)နာရီကျော် ကြာမြင့်ပြီဖြစ်သော်လည်း ရဲဘော်အေးနန္ဒာစိုးကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ချုပ်နှောင်ထိန်းသိမ်းထားသည်ကိုမူ ယခုအချိန်ထိ အကြောင်းတစ်စုံတစ်ရာမျှ မသိရှိရသေးချေ။ထို့ကြောင့် ရဲဘော်အေးနန္ဒာစိုး၏အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်မိသည်” ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးမှ ယနေ့ စက်တင်ဘာ ၂၁ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“ကျောင်းသား၊ကျောင်းသူတွေဆိုတာ လူထုကို စည်းရုံးနိုင်သူတွေ၊ လူထုနဲ့တသားထဲဖြစ်နေသူတွေဆိုတော့ စစ်တပ်က ကြောက်တာပေါ့ဗျာ။ ဒါကြောင့်ပဲ ကျောင်းသား၊ သမဂ္ဂလို့ကြားတာနဲ့ ဖမ်းကြတာပေါ့” ဟုပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာ ၆ ရက် ညပိုင်းကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ဗဟိုအမှုဆောင်အဖွဲ့ ဒု-ဥက္ကဌဖြစ်သူ ကိုထက်အောင်သည် ပြည်မြို့နေအိမ်တွင် တိမ်းရှောင်နေစဥ် လက်နက်အပြည့်စုံပါရှိသော အရပ်ဝတ်စစ်ဗိုလ်တစ်ဦးမှ စစ်ဆေးမေးမြန်းစရာရှိသည် ဟုဆိုကာ ဖမ်းဆီးမှုဖြစ်ပွားခဲ့သေးသည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့စက်တင်ဘာ ၂၀ ရက်အထိ ၁,၁၁၄ ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly