မြန်မာအခြေအနေ မတိုးတက်ပါက ဖွံ့ဖြိုးရေးအကူအညီအားလုံးကို ရပ်တန့်ထားရန် ဂျပန် အသင့်ရှိနေ

မြန်မာအခြေအနေ မတိုးတက်ပါက ဖွံ့ဖြိုးရေးအကူအညီအားလုံးကို ရပ်တန့်ထားရန် ဂျပန် အသင့်ရှိနေ

မေ ၂၁

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စု လုပ်ရပ်များ ပြန်မပြင်ဘဲ အခြေအနေ တိုးတက်မှု မရှိပါက လုပ်ဆောင်ဆဲ ပရောဂျက်များအတွက်သာမက မြန်မာကို ပေးနေသည့် တရား၀င်ဖွံ့ဖြိုးရေးအကူအညီ (ODA) အားလုံးကို ရပ်ဆိုင်းထားရန် ဂျပန်ဘက်က စဉ်းစားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတဲဂီက Nikkei ကို ပြောသည်။

“ကျွန်တော်တို့ကတော့ ဒါကို လုပ်တော့ မလုပ်ချင်ပါဘူး၊ ဒါပေမယ့် ခုလိုအခြေအနေမျိုးတွေအောက်မှာတော့ ဒီတိုင်း ဆက်သွားဖို့ ခက်ခဲလိမ့်မယ်ဆိုတာကို ကျွန်တော်တို့ အခိုင်အမာ ထုတ်ဖော်ရပါလိမ့်မယ်” ဟု မိုတဲဂီက ပြောသည်။

“မြန်မာရဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကျင့်သုံးမှုကို နည်းလမ်းအမျိုးမျိုးနဲ့ ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကိုယ်စားပြုရမှာဖြစ်ပြီး ရှင်းရှင်းလင်းလင်းပဲ ဒီလို သတင်းစကားပါးလိုက်ရပါတယ်” ဟု ၎င်းက ပြောသည်။

ဂျပန်သည် ၂၀၁၉ ဘဏ္ဍာနှစ်က မြန်မာကို ဖွံ့ဖြိုးရေးအကူအညီ ယန်းငွေ ၁၈၉ ဒသမ ၃ ဘီလီယံ (လက်ရှိနှုန်းထားများအရ ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ) အထိ ထောက်ပံ့ပေးထားခဲ့သည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲအဖြစ် ဆန္ဒပြသူများအပေါ် အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုကို တုံ့ပြန်သောအားဖြင့် ဂျပန်သည် ပရောဂျက်အသစ်များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို ရပ်ဆိုင်းထားခဲ့သည်။ ငွေကြေးထောက်ပံ့မှုကို အပြည့်အ၀ ဆိုင်းငံ့ခြင်းက ဂျပန်ဘက်က ၁၉၅၄ ခုနှစ်တွင် မြန်မာကို ODA စတင် ထောက်ပံ့ပေးခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ ပထမဆုံး လုပ်ဆောင်မှုလည်း ဖြစ်လာရန် ရှိနေသည်။

ဂျပန်၏ တရား၀င် ဘဏ္ဍာရေး အထောက်အပံ့ ရရှိနေသည့် ပရောဂျက်များထဲတွင် နိုင်ငံ၏ အကြီးဆုံးမြို့ကြီးနှစ်ခုဖြစ်သည့် ရန်ကုန်နှင့် မန္တလေးအကြား ဆက်သွယ်သည့် ရထားလမ်း အဆင့်မြှင့်တင်မှု ပရောဂျက်တစ်ခုလည်း ပါ၀င်သည်။ လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပရောဂျက်တစ်ချို့ လုပ်ဆောင်မှုများ ရပ်တန့်ထားခဲ့ရသလို တစ်ချို့ကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

မြန်မာတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် လူ ၈၀၀ ခန့် သေဆုံးခဲ့ရသလို လူပေါင်း ၄,၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

အမေရိကန်နှင့် အီးယူသည် အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ စစ်တပ်နှင့် ဆက်စပ်လုပ်ငန်းများအပေါ် အ‌ရေးယူပိတ်ဆို့မှုများ လုပ်‌ဆောင်ထားသော်လည်း ဂျပန်သည် ယင်းအတိုင်း လိုက်လုပ်ခြင်း မရှိဘဲ ယင်းအစား ဆက်လက် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။

“အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဖို့၊ ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ဖို့အတွက် မြန်မာစစ်တပ်ကို လမ်းကြောင်းမျိုးစုံကနေတဆင့် ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်” ဟု မိုတဲဂီက ပြောသည်။

တိုကျိုသည် မြန်မာ၏ ဒီမိုကရေစီ ကျင့်သုံးမှုကို ထောက်ခံအားပေးသလို ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနှင့်အကြား ဆက်ဆံရေးကို ထိန်းသိမ်းထားရှိခဲ့သည်။ “ဥ‌ရောပနဲ့ အမေရိကန်ထက် စာရင် ကျွန်တော်တို့ဟာ စစ်တပ်နဲ့အကြား အပါအ၀င် မြန်မာမှာ အမျိုးမျိုးသော ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုရှိနေပါတယ်၊ ဂျီ ၇ အုပ်စု နိုင်ငံခြားရေး၀န်ကြီးတွေကလည်း ဒါကို ကောင်းကောင်း နားလည်သိရှိပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly