ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Dr. Thurein Hlaing Win
ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ်။ Diaphragm လို့ခေါ်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့။ ဒီကြွက်သားက အသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုးတယ်ဆိုတာ ဖြစ်လာပါတယ်။
ဒါတွေက ကြို့ထိုးစေနိုင်ပါတယ်။
- အစားအများကြီးစားတဲ့အခါ၊
- ပီကေဝါးတာ သကြားလုံးစုပ်တာ၊
- အရက်ဘီယာသောက်တဲ့အခါ၊
- အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့
- စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။
ဒါပေမယ့် ရောဂါရင်းမြစ်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီကြာနိုင်ပါတယ်။
နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်နိုင်တာတွေအများကြီးထဲက နားစည်ကိုဆွနေသလိုဖြစ်နေတာ၊ လည်ပင်းမှာ အကျိတ်ြဖစ်တာ၊ အစာရေမျိုပြွန်မလုံတာ၊ လည်ချောင်းနာတာတွေတွေ။ ပိုပြီးဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်အမှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာေတွကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆေးတွေနဲ့ အရက်ကိုနှစ်ရှည်လများသောက်လာသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ယောက်ျားတွေမှာ ပိုအဖြစ်များပြီး ကြာရှည်လည်းဖြစ်တတ်ပါတယ်။
ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ။ ကာလကြာရှည်ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
ဘယ်လိုပျောက်အောင်လုပ်မလဲ။
ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက်ကောင်းသွားတာပါပဲ။ ကိုယ်တိုင်ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ်။
ကြို့ထိုးတာကိုပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး။
- ရေသောက်ပါ။
- အိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ။
- ရေခဲရေနဲ့ပလုပ်ကျင်းပါ။
- အသက်ရှူအောင့်ပါ။
- သံပရာသီးကိုက်ပါ။
မကြာခဏ ကြို့ထိုးတတ်တယ်ဆိုရင်တော့
- အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကိုရှောင်ပါ။ လေထစေတဲ့ အစားအသောက်တွေရှောင်ပါ။
- အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ။