ရန်ကုန်၊ ဇွန် ၂၃ ။ ။ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် နိုင်ငံတကာပွဲ ၂ ခု အဖြစ် အာဖရိက ၂ နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန် ၂၄ ရက်တွင် ဘီနင်နိုင်ငံသို့ စတင်ထွက်ခွာမည် ဖြစ်သည်။
လာမည့် ဇွန် ၂၇ ရက်မှ ၃၀ ရက်အထိ ဘီနင်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက် ပြိုင်ပွဲ၊ ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက် ပြိုင်ပွဲ တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
သက်ထားသူဇာသည် ဇွန်လအတွင်း နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် မောရစ်သျှ FLEET Mauritius International 2019 Woman Single Semi-Final ပြိုင်ပွဲမှာ ဖင်လန်နိုင်ငံမှ Airi MIKKELA ကို အနိုင်ရရှိပြီး ချန်ပီယံဆု ရရှိထားသူလည်း ဖြစ်သည်။
၂၀၂၀ တိုကျို အိုလံပစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပြီး နောက်တစ်ဆင့် ဖြစ်သည့် International Challenge ကြက်တောင် ရိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်းလည်း သိရသည်။
သူ့အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ၄ ပွဲ ဝင်ပြိုင်ထားပြီး ၂၀၁၈ ခုနှစ်က အီဂျစ် အင်တာနေရှင်နယ်စီးရီး၊ ၂၀၁၉ ခုနှစ်မှာ ယူဂန်ဒါအင်တာနေရှင်နယ်ပြိုင်ပွဲ၊ ကင်ညာ အင်တာနေရှင်နယ် စီးရီး ပြိုင်ပွဲ၊ မော်ရစ်သျှ အင်တာနေရှင်နယ်စီးရီးပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲခဲ့သောကြောင့် ချန်ပီယံဆု ၄ ကြိမ် ရရှိထားသူလည်း ဖြစ်သည်။